သူ့အိမ်ကခွေးကို အသင်းဖော်နာမည်ပေးထားတဲ့ ဘာနာဒိုဆေးလ်ဗား

မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက သူ့အိမ်မှာ မွေးထားတဲ့ ခွေးကို ဂျွန်စတုန်းစ်လို့ နာမည်ပေးထားကြောင်း ပြောကြားလာခဲ့ပါတယ်။

ဂျွန်စတုန်းစ်ဟာ ဘာနာဒိုဆေးလ်ဗားရဲ့ မန်စီးတီးအသင်းဖော် ကစားသမားဖြစ်ပြီး သူတို့နှစ်ယောက်ကြား ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။

သူ့ခွေးကို ဂျွန်စတုန်းစ်လို့ နာမည်ပေးဖြစ်တဲ့အပေါ်မှာလည်း ဘာနာဒိုဆေးလ်ဗားက အခုလိုပြောကြားခဲ့ပါသေးတယ်။

ဘာနာဒိုဆေးလ်ဗားက “ကျနော်တို့ ခွေးအရမ်းမွေးချင်ခဲ့ပြီး အခုတော့ သူ့နာမည်ကို ဂျွန်စတုန်းစ်လို့ ပေးထားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နှစ်ယောက် အရမ်းရင်းနှီးလို့ပါ”

“နောက်ပြီး သူ့ကိုလည်း ကျနော် အမြဲပြောပါတယ်။ တနေ့ ငါမွေးဖြစ်တဲ့အခါကျရင် အဲ့ဒီခွေးကို ဂျွန်လို့ ခေါ်မယ်ဆိုပြီးတော့ပေါ့။ ဒါက တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ နာမည်တလုံးပါ”

“ကျနော့်ချစ်သူလည်း ဒီနာမည်ကိုသဘောကျပြီး ခွေးလေးနဲ့လည်း သင့်တောမယ်လို့ ကျနော်ထင်ပါတယ်။ ဒီခွေးလေးက အရမ်းကို လှပပြီး ဥာဏ်လည်းကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် အခုပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဥ်မှာ ဘာနာဒိုဆေးလ်ဗားက လက်ရွေးစင်နဲ့ကလပ်အသင်းဖော် ကန်ဆယ်လိုနဲ့ သူ့အကြား ဆက်ဆံရေးအကြောင်းတွေ၊ ပွဲမကန်ခင် တနာရီအလိုမှာ အမြဲတမ်း မာရက်ဇ်အတွက်ရော၊ ကိုယ့်အတွက်ပါ ကော်ဖီဖျော်လေ့ရှိကြောင်းတွေကို ပြောကြားသွားခဲ့ပါသေးတယ်။

ရီးရဲယ်မက်ဒရစ် ကွင်းလယ်လူ အစ္စကိုကလည်း သူ့ခွေးနာမည်ကို မက်ဆီလို့ ခေါ်လေ့ရှိတဲ့အကြောင်း တချိန်က အင်တာဗျူးအစီအစဥ်တွေမှာ ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။