အသင်းမှာ မနေချင်တဲ့သူကို မဆွဲထားဘူးလို့ ပေါ့ဘာ နဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် အသင်း ယာယီနည်းပြ ရက်ဂ်နစ် က ပေါ့ဘာ အနေနဲ့ အသင်းက ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် သူ့အနေနဲ့ အသင်းမှာ ဆက်နေဖို့ စည်းရုံးသိမ်းသွင်းမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ပေါ့ဘာ ဟာ (၂၀၁၆) က ဂျုဗင်တပ်စ် ကနေ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာ နဲ့ ယူနိုက်တက် တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ကစားသမား ဟာ ဇန်နဝါရီမှာ အခြားအသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးလို့ ရမှာဖြစ်ပါတယ်။

ပေါ့ဘာ ဟာ လက်ရှိအချိန်မှာ ပြင်သစ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းရင်းရခဲ့တဲ့ ပေါင်ဒဏ်ရာကြောင့် အသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ (၇)ပွဲလုံး မပါဝင်နိုင်ပဲ အနားယူနေရတာပါ။ရက်ဂ်နစ် က “သူ့ကို ဆက်ထိန်းသိမ်းဖို့ မထိုက်တန်ဘူးဆိုတာ ကျွန်တော်မပြောပါဘူး။ဒါပေမယ့် ကစားသမားတွေဟာ အသင်းမှာ ဆက်နေချင်ပြီး ကစားဖို့လိုပါတယ်”

“ကစားသမားတဦးက ဒီလိုအသင်းမှာ ဆက်မကစားချင်ဘူးဆိုရင်တော့ ရေရှည်မှာ သူ့ရဲ့စိတ်ကို ပြောင်းဖို့ စည်းရုံးသိမ်းသွင်းတာက အဓိပ္ပါယ်မရှိဘူးလို့ ထင်ပါတယ်။အလွန်ကောင်းမွန်တဲ့ ပံ့ပိုးမှုနဲ့အတူ ဒါဟာ ကြီးမားတဲ့ အသင်းပါ”

“ကလပ်မှာရှိတဲ့ ဘယ်သူကမှ ကစားသမားကို ဒီမှာဆက်နေအောင် စည်းရုံးသိမ်းသွင်းသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။သူပြန်လာပြီး အသင်းနဲ့ လေ့ကျင့်မှုတွေ အပြည့်အဝလုပ်ပြီးသွားရင် ကျွန်တော်တို့ ဘယ်လိုရပ်တည်လဲဆိုတာ ခင်ဗျားတို့မြင်တွေ့ရမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဒ့ါအပြင် ရက်ဂ်နစ် က “ကျွန်တော် ပေါ့ဘာ နဲ့ စကားပြောဖို့လိုပါတယ်။ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုအပြည့်နဲ့ပေါ့။ကြံခိုင်မှုပြည့်ဝဖို့တော့ သူအချိန်အနည်းငယ်ယူရပါလိမ့်မယ်။သူဟာ အရေးပါတဲ့ ကစားသမားဖြစ်နိုင်ပါတယ်။ဒါကို ကျွန်တော်အပြည့်အဝနားလည်ပါတယ်”

“ဒါက ကစားသမားတိုင်းအတွက် မှန်ပါတယ်။ ကျွန်တော်က ပေါ့ဘာ တဦးတည်းအတွက် နည်းပြမဟုတ်ပါဘူး။အခြားကစားသမားတွေအားလုံးရဲ့နည်းပြလည်းဖြစ်တယ်လို့”ပြောခဲ့ပါတယ်။