နိုင်ရင် အားရပါးရ အောင်ပွဲခံလိုက်စမ်းပါလို့ ဂျရတ်ကို စိန်ခေါ်လိုက်တဲ့ ကလော့ပ်

လီဗာပူး နည်းပြ ကလော့ပ်က ဒီညမှာ ကစားမယ့် လီဗာပူးနဲ့ဗီလာပွဲမှာ ဗီလာတို့အနိုင်ရရှိခဲ့ရင် ဂျရတ်အနေနဲ့ အားရပါးရ အောင်ပွဲခံလိုက်သင့်တယ်လို့ ပြောကြားလာပါတယ်။

ဂျရတ်ဟာ ဗီလာနည်းပြဘဝ အစောပိုင်းမှာ ပုံစံကောင်းတွေပြသနေပြီး နိုဝင်ဘာအတွက် ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာလည်း ပါဝင်ခဲ့သူပါ။

ကစားသမားဘဝမှာ လီဗာပူးရဲ့ဂန္တဝင်ဖြစ်ခဲ့တဲ့ ဂျရတ်တယောက် ဒီညမှာတော့ ပြိုင်ဘက်နည်းပြအဖြစ် အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ဒီပွဲအတွက် လီဗာပူးနည်းပြကလော့ပ်က “ဂျရတ်က အတွေ့အကြုံရှိတဲ့ နည်းပြတယောက်ဖြစ်နေပြီဆိုပေမယ့် ဒီညမှာ သူ ဘယ်လိုခံစားရမယ်ဆိုတာကို သိဦးမှာမဟုတ်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“ကျနော် မိန့်ဇ်ကို ပြန်လည်ရင်ဆိုင်ရတုန်းကလို တူညီတဲ့ အချိန်ပါပဲ။ နောက်ပြီး လီဗာပူးနဲ့အတူ ဒေါ့မွန်ကို ရင်ဆိုင်ရသလိုပဲပေါ့။ ဒါက ထူးဆန်းတဲ့ ခံစားချက်ပါ”

“ကွင်းထဲကို ဝင်လာတဲ့အခါ ဒီလူတွေနဲ့ ပြန်တွေ့ရမှာက သာမန်ကိစ္စတော့ မဟုတ်ပါဘူး။ ကျနော်လည်း ဒီအခြေအနေတွေကို ကိုင်တွယ်နိုင်ခဲ့သလို ဂျရတ်လည်း အကောင်းဆုံး ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ လက်ရှိ လီဗာပူးမှာရှိတဲ့ လူ (၉၉.၉) ရာခိုင်နှုန်းက ဂျရတ်နဲ့ သိပါတယ်”

“ကျန်တဲ့ (၀.၁) ရာခိုင်နှုန်းက ဂျရတ်မရှိတော့မှ လီဗာပူးကို ရောက်လာခဲ့တာပါ။ ကျနော် လီဗာပူးကို ရောက်လာတည်းက ဂျရတ်နဲ့ ပတ်သက်လို့ မကောင်းတဲ့သတင်း တခါမှမကြားဖူးပါဘူး။ ကျနော့်တုန်းကလည်း မိန့််ဇ်နဲ့ ပြန်တွေ့တော့ အားရပါးရ အောင်ပွဲခံတာပဲ”

“ဂျရတ်လည်း ဒါမျိုး လုပ်ခွင့်ရှိပါတယ်။ သူ ဘာအကြောင်းပြချက်မှမရှိဘဲ လီဗာပူးကွင်းမှာ အားရပါးရ အောင်ပွဲခံနိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။