မန်ယူက ဘာဖလားရလို့ ဟာလန်းကိုခေါ်နိုင်မှာလဲလို့ ဗျင်းပေးသွားတဲ့ ရွိုင်အိုလာ

နာမည်ကျော် အေးဂျင့်ရွိုင်အိုလာက သူ့ကစားသမား ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ချက်စတာမြို့ခံနှစ်သင်းကို နှိုင်းယှဥ်ပြီး ယူနိုက်တက်ကို ချိုးနှိမ်ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းရဲ့ စာချုပ်လျော်ကြေးက လာမယ့်နွေရာသီမှာ ယူရိုသန်း (၁၀၀) အောက် ကျဆင်းမှာဖြစ်ပြီး ဒီကစားသမားကိုခေါ်ယူနိုင်ဖို့ ဥရောပထိပ်တန်းအသင်းတွေက အခုတည်းက အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။

ဟာလန်းနဲ့ ပတ်သက်လို့ ရွိုင်အိုလာကတော့ “လာမယ့်နွေရာသီ၊ ဒါမှမဟုတ် နောက် နွေရာသီပေါ့။ ဒါပေမယ့် လာမယ့်နွေရာသီမှာ အသင်းပြောင်းတာက သူ့အတွက် ထိပ်တန်းအခွင့်အရေးဖြစ်ပါလိမ့်မယ်။ ကျနော်တို့ စောင့်ကြည့်တာပေါ့”

“ဘိုင်ယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီးတို့က ဟာလန်း သွားနိုင်တဲ့အသင်းတွေပါ။ မန်စီးတီးက နောက်ပိုင်းနှစ်တွေမှာ အမှတ်ပေးဖလား (၅) ကြိမ်ရထားတယ်လေ။ ဒါယူနိုက်တက်ထက် သိသိသာသာ ပိုများတဲ့ အရေအတွက်ပဲ”

“ကျနော်တို့ ဒေါ့မွန်ပြောင်းတည်းက ဒီလိုအခွင့်အရေးမျိုးတွေ ရလာဦးမယ်ဆိုတာကို သိထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့နွေရာသီတည်းက ဗဟိုတိုက်စစ်မှူး အလိုရှိခဲ့တာဖြစ်ပြီး ဟာရီကိန်းကို အသည်းအသန် ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဟာလန်းကိုသာ အဓိကကြိုးစားသွားဖွယ်ရှိနေပါပြီ။

ယူနိုက်တက်ကလည်း လာမယ့်နွေရာသီမှာ ဗဟိုတိုက်စစ်မှူးခေါ်ဖို့ ရေရှည်စီမံကိန်းချမှတ်ထားပြီး ရော်နယ်ဒို၊ လက်ရှိနည်းပြ ရန်းနစ်ဂ်တို့ရဲ့အရှိန်အဝါတွေနဲ့ ဟာလန်းကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။