ဟာဇတ် ကို အချိုအချောင်လာနှိုက်တဲ့ လန်ဒန်ကလပ်ရဲ့ကမ်းလှမ်းမှုကို ရီးရယ်လ် ပယ်ချ

ရီးရယ်လ် အသင်းဟာ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇတ် ကို ခေါ်ယူဖို့ ပေါင်(၂၁)သန်းနဲ့ကမ်းလှမ်းတဲ့ ၀က်စ်ဟမ်း အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ဒီကမ်းလှမ်းမှုဟာ နည်းပါးလွန်းပြီး စပိန်လာလီဂါ ထိပ်သီးအသင်းကို စော်ကားသလိုတောင်ဖြစ်တယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။

ဟာဇတ်ဟာ (၂၀၁၉) က ချယ်လ်ဆီး အသင်းကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆုကြေးတွေ၊လတ်မှတ်ထိုးကြေးတွေအပါအ၀င် အပြောင်းအရွှေ့ အသုံးစရိတ် ဟာ ပေါင်သန်း(၁၄၀)၀န်းကျင်ရှိသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဟာဇတ် ဟာ အသင်းကို ရောက်လာပြီးတည်းက ဒဏ်ရာပြသနာတွေအများအပြားနဲ့ ကြုံတွေ့ရပြီး ခြေစွမ်းပိုင်းဟာလည်း အလွန်ကျဆင်းသွားတာကြောင့် အသင်းအတွက် အလွန်စ်ိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။ ဟာဇတ် ဟာ စပိန်ကို ရောက်ပြီး (၂)နှစ်ခွဲအတွင်းမှာ လာလီဂါ(၂၅)ပွဲသာ ပွဲစတည်းက ပါ၀င်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာဇတ် ဟာ ဒီရာသီမှာ ဒဏ်ရာပြသနာကင်းစင်နေပေမယ့် နည်းပြ အန်ဆယ်လော့တီကို ဆွဲဆောင်နိုင်ဖို့ ရုန်းကန်နေရတာပါ။ဘယ်လ်ဂျီယံ ကစားသမားဟာ ဒီရာသီမှာ စပိန်လာလီဂါ ပွဲစဉ်(၄)ပွဲနဲ့ ရှီရစ်ဖ် အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၁)ပွဲသာ ပွဲစတည်းက ပါ၀င်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဟာဇတ် ကို ကြီးကြီးမားမားမျှော်လင့်နေတဲ့ ရီးရယ်လ် ဥက္ကဌ ပီရတ်ဇ် ဟာ အခုဆိုရင် ဘယ်လ်ဂျီယံ ကစားသမားကို စိတ်ကုန်သွားပြီလည်းဖြစ်ပါတယ်။ပီရတ်ဇ် ဟာ ချယ်လ်ဆီး ကစားသမားဟောင်းကို ထွက်ခွာပေးဖို့ပါ ဆန္ဒရှိနေတာပါ။

ဒါပေမယ့် ဟာဇတ် အတွက် ၀က်စ်ဟမ်းရဲ့ ပေါင်(၂၁)သန်းနဲ့ ကမ်းလှမ်းမှုဟာ ရီးရယ်လ် အတွက် စိတ်ပျက်ဖွယ်ဖြစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ပီရတ်ဇ် က ဟာဇတ် အတွက် ပေါင်(၄၈)သန်း အောက်လျော့နည်းတဲ့ ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားပိုင်ဆိုင်တဲ့ နယူးကာဆယ် အသင်းဟာ ဟာဇတ်အတွက် ပြောင်းရွှေ့ကြေးအပြင် လုပ်ခလစာအများအပြားလည်းပေးချေဖို့ တက်နိုင်တဲ့ အသင်းတွေထဲတသင်းအဖြစ် ရှိနေပါတယ်။ဒါပေမယ့် နယူးကာဆယ် အသင်းဟာ တန်းဆင်းနိုင်တာကြောင့် ကစားသမားဟာ ဒီအသင်းကို ပြောင်းဖို့ စိတ်မ၀င်စားတာလည်းဖြစ်ပါတယ်။