ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဖြစ်လာတဲ့ ဂန္တ၀င်ကစားသမားကြီး အီတူး

အီတူး ဟာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဌအဖြစ် ရွေးချယ်ခံ လိုက်ရပြီးနောက် နိုင်ငံအသင်းမှာ (၄)နှစ်ကြာ တာ၀န်ထမ်းဆောင်ရတော့မှာဖြစ်ပါတယ်။အာဖရိက တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို (၄)ကြိမ်ရရှိထားတဲ့ အီတူးဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ ဖြစ်တဲ့ အန်ဂျိုယာ ကို အနိုင်ယူပြီး ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်ဖို့ (၇)ဦးအထိ ရှိခဲ့ပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် မနက်မှာ (၅)ဦးက နုတ်ထွက်သွားခဲ့လို့ (၂)ဦးတည်းသာ ယှဉ်ပြိုင်ခဲ့ရတာပါ။အသက်(၄၀)အရွယ်ရှိ အီတူးကတော့ အားကစားတိုးတက်အောင်မြင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှု အများအပြားပြုလုပ်မယ်လို့ ကတိပေးခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာ၊အင်တာမီလန် အသင်းတွေမှာ ကစားခဲ့တဲ့ အီတူး ဟာ သူတာ၀န်ယူနေတဲ့ ကာလအတွင်း နိုင်ငံအတွင်းမှာ အားကစားကွင်း(၁၀)ကွင်း အနည်းဆုံး တည်ဆောက်ပေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။အီတူးက “စီးပွားရေး အသိုင်းအဝိုင်းနဲ့လည်း စကားပြောပြီးပါပြီ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေက်ို ဖြည့်ဆည်းရာမှာ မှန်ကန်တဲ့ရင်းနှီးမြုပ်နှံသူတွေနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ရင်းနှီးမြုပ်နှံသူတွေရရှိမယ်လို့ ယုံကြည်ကြောင်း”ရွေးကောက်ပွဲ မတိုင်ခင်က ပြောခဲ့တာဖြစ်ပါတယ်။

(၂၀၂၂) ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် ကင်မရွန်းနိုင်ငံရဲ့ အကြီးအကဲအဖြစ်လည်း အီတူးက ဆောင်ရွက်မှာပါ။အီတူးဟာ ကင်မရွန်းလက်ရွေးစင် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ်ပါတယ်။အီတူးဟာ အသက်(၁၆)နှစ်အရွယ် (၁၉၉၆)ခုနှစ်မှာ ရီးရယ်လ် ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အီတူးဟာ လီဂါနတ်စ်၊ အက်စပန်ညိုနဲ့ မာယေ့ာကာ အသင်းတွေမှာ အငှားကစားခဲ့ပြီး (၂၀၀၀) မှာ မာယော့ကာ အသင်းထံ အပြီးသတ်ပြောင်းရွှေ့ သွားခဲ့တာပါ။မာယော့ကာ အသင်းမှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။

အဲ့ဒီနောက် (၂၀၀၄)မှာ အီတူးဟာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး လာလီဂါဖလား(၃)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၂)ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ကင်မရွန်းကစားသမားဟာ ဘာစီလိုနာ အသင်းကနေ အင်တာမီလန် အသင်းထံပြောင်းပြီး ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ကာ စီးရီးအေဖလား နဲ့ ကလပ်ကမ္ဘာ့ဖလားလည်း ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အီတူးဟာ ကင်မရွန်းအသင်းကို (၂၀၀၀)နဲ့ (၂၀၀၂) ခုနှစ် အာဖရိကဖလား (၂)ကြိမ်ဆက်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ဒီပြိုင်ပွဲမှာ (၁၈)ဂိုးသွင်းယူကာ စံချိန်တင်ဂိုးသွင်းရှင်အဖြစ်လည်း ရပ်တည်နေခဲ့တာဖြစ်ပါတယ်။အီတူး ဟာ လက်ရွေးစင် အသင်းက်ို (၂၀၀၀)ခုနှစ်က ကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဂိုးသွင်းပြီး ရွှေတံဆိပ်ဆုရအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။