အနိုင်ဂိုးလိုချင်တဲ့အသင်း ငါ့ကိုခေါ်လိုက်ကွာဆိုတဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အနိုင်ဂိုးအများဆုံး သွင်းယူထားတဲ့ ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်နေပါတယ်။

ပရီးမီးယားလိဂ်ကို ရော်နယ်ဒို ပြန်ရောက်လာပြီးနောက်ပိုင်း သူ့ရဲ့ လိဂ်သွင်းဂိုးက (၇) ဂိုးအထိ ရှိလာခဲ့သလို ချန်ပီယံလိဂ်မှာလည်း ပါဝင်ကစားခဲ့တဲ့ (၅) ပွဲလုံးမှာ ရော်နယ်ဒိုက ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

Optajoe ရဲ့ အချက်အလက်တွေအရ ပရီးမီးယားလိဂ်မှာ ရော်နယ်ဒိုက ယူနိုက်တက်ကို အနိုင်ရစေမယ့် သွင်းဂိုး (၄) ဂိုးအထိ သွင်းယူပေးထားပြီး ရမှတ် (၇) မှတ်ရရှိထားကာ သူ့ထက်များတဲ့ ကစားသမားဆိုလို့ ရမှတ် (၈) မှတ်ရရှိထားတဲ့ ဗာဒီသာရှိပါတော့တယ်။

ရော်နယ်ဒိုနဲ့ အတူ ပူးတွဲရပ်တည်နေတာကတော့ မန်စီးတီး ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားပါ။ ဒါ့အပြင် ရော်နယ်ဒိုက ဒီရာသီ ပြိုင်ပွဲစုံမှာ ယူနိုက်တက်ရရှိခဲ့တဲ့ ဂိုးတွေအတွက် (၁၃) ဂိုး ကိုယ်တိုင်သွင်းယူကာ (၂) ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှား လက်ထက် ရလဒ်တွေဆိုးရွားခဲ့ချိန်က ဂိုးပေါက်ပျောက်ခဲ့သေးတဲ့ ရော်နယ်ဒိုက ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် နောက်ဆုံး (၃) ပွဲမှာ (၃) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပါ။

ဒီအထဲမှာ အဓိကပြိုင်ဘက် အာဆင်နယ်ကို သွင်းယူခဲ့တဲ့ သွင်းဂိုး (၂) ဂိုးပါဝင်သလို ပင်နယ်တီသွင်းဂိုး (၂) ဂိုးလည်း ပါဝင်ခဲ့ပါတယ်။