ခြေစွမ်းမကောင်းရတဲ့ကြားထဲ စည်းကမ်းပါစုတ်ပြတ်နေလို့ လက်ပတ်သိမ်းခံထိတော့မယ့် အူဘာ

အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီးယန်းဟာ စည်းကမ်းပိုင်းပြဿနာကြောင့် မနေ့ညက ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်ခွင့်မရရှိခဲ့ပါဘူး။

တပတ်လုပ်ခ ပေါင် (၂) သိန်းခွဲရရှိနေတဲ့ ဒီကစားသမားက နိုင်ငံခြားခရီးသွားရောက်ခဲ့ပြီးနောက် အသင်းနဲ့ ပြန်လည် ပူးပေါင်းချိန် နောက်ကျခဲ့တာကြောင့် ဆောက်သမ်တန်နဲ့ပွဲမှာ အခုလို ချန်လှပ်ခံခဲ့ရတာပါ။

အူဘာမီးယန်း ဆောက်သမ်တန်နဲ့ပွဲမှာ ချန်လှပ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ အာဆင်နယ်နည်းပြ အာတီတာက “ဒါက စည်းကမ်းပိုင်းဆိုင်ရာကိစ္စပါ။ အဲ့ဒါကြောင့် သူ့ကို ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာပါ”

“ကျနော်တို့က အရမ်းတည်ငြိမ်တဲ့ အသင်းတသင်းဖြစ်နေပြီး တချို့နေရာတွေမှာ ညှိပေးလို့မရတာမျိုးတွေရှိပါတယ်။ ဒီလိုပုံစံနဲ့ပဲ အသင်းကို တည်ဆောက်နေရတာပါ”

“ကျနော်တို့ ပွဲအကြောင်းပဲ ပြောရအောင်။ ကျနော်တို့ ဘယ်လိုဖြစ်ခဲ့လဲ၊ ဘယ်လိုကစားခဲ့လဲဆိုတာပဲ ပြောချင်ပါတယ်။ အခြားအကြောင်းအရာတွေ မပြောချင်တော့ဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

အူဘာမီးယန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း ကစားခဲ့တဲ့ ပွဲစဥ်တွေမှာ အပိုင်အခွင့်အရေးလွဲချော်မှုတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲ့ဒါကြောင့် နောက်ပိုင်းပွဲစဥ်တွေမှာ ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးလာရပြီး အခုချိန်မှာလည်း စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာပါ ရင်ဆိုင်နေရတာပါ။

ပရိသတ်တွေကတော့ အူဘာမီးယန်း ဒီတိုင်း ဆက်သွားနေမယ်ဆိုလို့ကတော့ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးမယ့်အပြင် အသင်းခေါင်းဆောင် လက်ပတ်ပါ ရုပ်သိမ်းခံရနိုင်တယ်လို့ ခန့်မှန်းသုံးသပ်နေကြပါတယ်။

ဂယ်ရီနဗီးလ်က ဆောက်သမ်တန်နဲ့ပွဲမတိုင်ခင် အာတီတာနဲ့ အူဘာမီးယန်းတို့အကြား ပြဿနာရှိတယ်ပြောခဲ့ပေမယ့် အာတီတာက ငြင်းဆန်ခဲ့ပြီး ပွဲအပြီးမှာတော့ အူဘာမီးယန်း ပြဿနာရှာထားတဲ့ကိစ္စ ထွက်ပေါ်လာခဲ့တာပါ။