ကိုဗစ်ဖြစ်တယ်ဆိုပြီး ပွဲမကန်လို့ ပြိုင်ပွဲကပါ ထွက်လိုက်ရတဲ့ စပါး

စပါးဟာ ပြီးခဲ့တဲ့ ကြာသပတေးညက ကစားဖို့ စီစဥ်ထားတဲ့ ရန်းနက်စ်နဲ့ ယူရိုပါကွန်ဖရင့်လိဂ် ပွဲစဥ်ကို ကိုဗစ်အကြောင်းပြပြီး ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကာ ယူအီးအက်ဖ်အေဘက်ကလည်း ရွှေ့ဆိုင်းပေးခဲ့ပါတယ်။

ဒီအပေါ်မှာ ပြိုင်ဘက် ပြင်သစ်လီဂူးကလပ် ရန်းနက်စ်က စောဒကတက်ခဲ့ပြီး စပါးအနေနဲ့ ကစားသမား အင်အား အလုံအလောက်ရှိပါလျက်နဲ့ ပွဲကစားဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်းနက်စ် ကစားသမားတွေဟာ လန်ဒန်အထိ ရောက်ရှိလာပြီးမှ ပွဲပျက်ခဲ့ရတာကြောင့် ဒီပွဲကို ရွှေ့ဆိုင်းတယ်လို့ မသတ်မှတ်ဘဲ ပွဲကိုဖျက်သိမ်းကာ ရန်းနက်စ်ကို ၀-၃ ဂိုးနဲ့ အနိုင်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ယူအီးအက်ဖ်အေဘက်ကတော့ ပွဲပြန်ကစားဖို့ ရက်ကို သတ်မှတ်ဖို့ ညှိနှိုင်းခဲ့ပေမယ့် တောက်လျှောက် ပွဲကျပ်တွေရှိနေတဲ့ စပါးတို့ ဒီဇင်ဘာ (၃၁) အထိ ပြန်မကစားနိုင်တာကြောင့် ရန်းနက်စ်ကို အနိုင်ပေးခဲ့ပါတယ်။

ဒီလို ရန်းနက်စ်အနိုင်ရရှိခဲ့တဲ့ ရလဒ်ကြောင့် စပါးလည်း အုပ်စုတတိယနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်ပါတယ်။ ရန်းနက်စ်ကလည်း ဒီဇင်ဘာ (၂၂) ကနေ ဇန်နဝါရီ (၇) အထိ ဆောင်းရာသီ အားလပ်ရက် သတ်မှတ်ထားတာကြောင့် ဒီပွဲကို ပျက်စေတဲ့ အဓိက တာဝန်ရှိတဲ့ အသင်းက စပါးဖြစ်ခဲ့ပြီး အခုလို သတ်မှတ်ခံခဲ့ရတာပါ။

ကိုဗစ်စည်းကမ်းတွေအရ ပွဲကစားဖို့ ဂိုးသမား (၁) ယောက်နဲ့ ဂိုးသမား မဟုတ်တဲ့ ကစားသမား (၁၃) ယောက် ကိုဗစ်ကင်းရှင်းနေရင် ပွဲကစားရမယ်လို့ ယူအီးအက်ဖ်အေက သတ်မှတ်ထားတာဖြစ်ပါတယ်။