လူငယ်ကစားသမားတွေဆီကနေ အများကြီးမမျှော်လင့်နဲ့လို့ ပြောလိုက်တဲ့ ဇာဗီ

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီ က လူငယ်ကစားသမားတွေဟာ ကလပ်ပြန်ထူထောင်ရေးရဲ့ မဏ္ဍိုင်မဖြစ်နိုင်ဘူးလို့ အိုဆာဆူနာ အသင်းနဲ့ သရေကျတဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။ဘာစီလိုနာ အသင်းဟာ အိုဆာဆူနာနဲ့ (၂)ဂိုးစီ သရေကျတဲ့ ပွဲမှာ လူငယ်ကစားသမားအများအပြားကို အသုံးပြုခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာ အတွက်ဂိုးတွေကို ဆယ်ကျော်သက်(၂)ဦးဖြစ်တဲ့ နီကိုလတ်စ်နဲ့ အက်ဘ်ဒတ်စ်ဆာမတ် တို့က သွင်းယူခဲ့တာပါ။ဘာစီလိုနာ အသင်းဟာ ပွဲပြီးခါနီးမှာ ပြန်ပေးခဲ့ရတဲ့ ချေပဂိုးကြောင့် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ရလဒ်ဆိုးတွေဆက်တိုက်ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဇာဗီ က “ဘာကာမှာ လက်ရှိအပြောင်းအလဲလုပ်နေတဲ့ ကစားသမားတွေက အသက်(၁၇)၊(၁၈)နှစ်နဲ့ (၁၉)နှစ်ပါ။ဒါဟာ ကလပ်ရဲ့ အနာဂတ်အတွက် အလွန်ကောင်းမွန်ပေမယ့် အနုတ်လက္ခဏာဆောင်ပါတယ်။ သူတို့ဟာ ငယ်ရွယ်တာကြောင့် ဒီလိုအဆင့်ကို အများကြီးမရောက်နိုင်ပါဘူး”

“အက်ဘ်ဒီရဲ့ ကစားပုံဟာ အံမခန်းကောင်းမွန်ပါတယ်။ဂါဗီနဲ့ နီကိုလတ်စ်တို့ရဲ့ ကစားပုံတွေဟာလည်း အလွန်ကောင်းမွန်ပါတယ်။ဒါပေမယ့် သူတို့ဟာ အသင်းရဲ့မဏ္ဍိုင်တွေဖြစ်လို့မရပါဘူး။ဒီမှာ နောက်ထပ်ပြသနာတွေရှိပါတယ်”

“နောက်ဆုံးမိနစ်တွေမှာ ကျွန်တော်တို့ဟာ ပွဲကို ကြီးစိုးနိုင်ခြင်းမရှိခဲ့ပါဘူး။ကွင်းရဲ့ တဖက်ခြမ်းမှာ ဘောလုံးရှိဖို့လိုပါတယ်။အဲ့ဒီအတွက် ကျွန်တော်တို့မှာ ကြီးမားတဲ့ ပြသနာရှိနေပါပြီ။ဘောလုံးကို ကာကွယ်နိုင်ဖို့ အချိန်တန်နေပါပြီ”

“ကျွန်တော်တို့ရဲ့ ဒိုင်းနမစ်တွေကို ပြောင်းရပါမယ်။ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်သေးပါဘူး။ဒါဟာ ခက်ခဲတဲ့ အမှန်တရားပါပဲ။ကျွန်တော်တို့ ပွဲကိုထိန်းချုပ်ဖို့လိုအပ်နေပြီး ဒီလိုဘောလုံးသမားတွေလိုအပ်တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီပွဲအပါအ၀င် နောက်ဆုံး(၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတာဖြစ်ပြီး လာလီဂါ ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ရီးရယ်လ် အသင်းနဲ့ (၁၈)မှတ်ကွာဟသွားပြီလည်းဖြစ်ပါတယ်။