ပရီးမီးယားလိဂ်မှာ ရော်နယ်ဒိုက ဘာနာဒိုဆေးလ်ဗားလောက်တောင် မကောင်းဘူးလို့ပြော

ဘောလုံးဝေဖန်သုံးသပ်ရေးသမားကြီး ပေါလ်မာဆင်ကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ မန်စီးတီး ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက အကောင်းဆုံး ပေါ်တူဂီကစားသမားဖြစ်တယ်လို့ ဆိုလာပါတယ်။

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးကို စွန့်ခွာဖို့ သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနေပါပြီ။

အဲ့ဒါကြောင့်လည်း ပေါလ်မာဆင်က “လက်ရှိ အခိုက်အတန့်မှာ ဘာနာဒိုဆေးလ်ဗားက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပေါ်တူဂီကစားသမားပါ။ အကောင်းဆုံး ကစားသမားဖြစ်ဖို့ နီးစပ်တာ မဟုတ်ဘူးနော်။ ဖြစ်နေတာ”

“သူက ကစားသမားဘဝမှာ ရော်နယ်ဒိုလို အောင်မြင်မှုမျိုးကို ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအခိုက်အတန့်မှာတော့ ဘာနာဒိုဆေးလ်ဗားထက် ပိုကောင်းတဲ့ ပေါ်တူဂီ ကစားသမား ပရီးမီးယားလိဂ်မှာ မရှိပါဘူး”

“ဂွါဒီယိုလာရဲ့ အရည်အချင်းတွေနဲ့အတူ မန်စီးတီးက အရမ်းကို သက်သောင့်သက်သာရှိတဲ့ အောင်ပွဲတွေကို ဖော်ဆောင်ဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အသင်းတသင်းပါ။ အာဆင်နယ် ကစားသမားဟောင်းဖြစ်တဲ့ ပေါလ်မာဆင်ဟာ အရင်တည်းက ရော်နယ်ဒိုနဲ့ ယူနိုက်တက်ကို အမြဲလိုလို ဝေဖန်နေတာဖြစ်ပြီး ရော်နယ်ဒိုမရှိတဲ့ ယူနိုက်တက်က ပိုကောင်းတယ်လို့လည်း ပြောကြားခဲ့ဖူးပါတယ်။