ကိုဗစ်ကာကွယ်ဆေးမထိုးခဲ့လို့ နောင်တရနေတဲ့ ဘိုင်ယန်ကစားသမား

ဘိုင်ယန်မြူးနစ် ကြယ်ပွင့် ကစားသမား ကင်မစ်ချ်က သူ့အနေနဲ့ ကိုဗစ် ကာကွယ်ဆေး မထိုးခဲ့တဲ့အပေါ် နောင်တရမိတယ်လို့ ပြောကြားလာပါတယ်။

ဂျာမနီလက်ရွေးစင်အတွက်လည်း အဓိကအားထားရတဲ့ ဒီကစားသမားဟာ ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပေမယ့် အံ့အားသင့်ဖို့ ကောင်းစွာနဲ့ပဲ ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ ငြင်းဆန်ခဲ့တာပါ။

ပြီးခဲ့တဲ့လအတွင်းမှာတော့ ကိုဗစ် ကူးစက်ခံခဲ့ရပြီး အဲ့ဒီနောက်မှာတော့ ကင်မစ်ချ်တယောက် နောက်ဆက်တွဲဝေဒနာအဖြစ် အဆုတ်မှာပါ ပြဿနာရှိခဲ့တာကြောင့် အခုချိန်ထိ ပြန်မကစားနိုင်သေးပါဘူး။

ဂျာမန်ရုပ်သံတခုနဲ့ တွေ့ဆုံရာမှာ ကင်မစ်ချ်က “အခုချိန်ထိ ကျနော့်ရဲ့ ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေဆဲပါ။ အဲ့ဒါကြောင့်လည်း ကျနော် အခုထိ ကာကွယ်ဆေးမထိုးဖြစ်တာပါ”

“အခုတော့ ကျနော် ရေရှည်အတွက် စိုးရိမ်နေမိပါတယ်။ ကျနော့်တာဝန်ကို ကျနော်သိပါပြီ။ လိုအပ်တဲ့ စည်းကမ်းတွေကို လိုက်နာနေပြီး (၂) ရက် တခါ ဒါမှမဟုတ် (၃) ရက် တခါလောက် ကျနော် ဆေးစစ်ခံနေရပါတယ်”

“လူတိုင်းက ကိုယ့်အတွက်ကိုယ် ကာကွယ်ဆေးအထိုးခံဖို့ ဆုံးဖြတ်သင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကင်မစ်ချ်ဟာ သူမဖျားနာခင်မှာပဲ ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်ခဲ့ပေမယ့် အချိန်မမှီခဲ့ဘဲ အခုလိုမျိုး ခံစားနေရတာလည်းဖြစ်ပါတယ်။

ကင်မစ်ချ်အနေနဲ့ လက်ရှိ ကျန်းမာရေး အနေအထားကြောင့် လာမယ့် ဇန်နဝါရီမှသာ ဘိုင်ယန်မြူးနစ်အတွက် ပြန်လည် ကစားပေးနိုင်ဖွယ်ရှိပါတယ်။