ဘိုင်စကယ်ကစ်နဲ့အတူ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ တတန်းတည်းကို ရောက်လာခဲ့တဲ့ အီဘရာဟီမိုဗစ်

အေစီမီလန်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ စနေညက အူဒီနီးစ်နဲ့ တဖက်တဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ဥရောပထိပ်တန်းလိဂ်တွေမှာ သွင်းဂိုး (၃၀၀) ပြည့်မြောက်ခဲ့ပါပြီ။

ဒီပွဲမှာ အေစီမီလန်က ပွဲကစားချိန် (၉၂) မိနစ်အထိ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး အီဘရာဟီမိုဗစ်ရဲ့ ဘိုင်စကယ်ကန်ချက်နဲ့ သွင်းဂိုးက အသင်းကို ကယ်တင်နိုင်ခဲ့တာပါ။

ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ ရော်နယ်ဒိုက (၄၈၃) ဂိုး၊ မက်ဆီက (၄၇၅) ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး အီဘရာဟီမိုဗစ်ကတော့ အခုမှာ သွင်းဂိုး (၃၀၀ ပြည့်မြောက်ခဲ့တာပါ။

အီဘရာဟီမိုဗစ်ဟာ ဘွန်ဒက်စ်လီဂါကလွဲလို့ ကျန်တဲ့ လိဂ်ကြီး (၄) ခုမှာ ကစားခဲ့ဖူးပါတယ်။ အီတလီ စီးရီးအေမှာ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်၊ လာလီဂါမှာ ဘာစီလိုနာ၊ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်၊ ပြင်သစ်လီဂူးမှာ PSG တို့အတွက် အီဘရာဟီမိုဗစ် ကစားခဲ့ဖူးတာပါ။

ဒါ့အပြင် အခုတွက်ချက်ထားတဲ့ အီဘရာဟီမိုဗစ်ရဲ့ သွင်းဂိုး (၃၀၀) ထဲမှာ မာလ်မို၊ အေဂျက်စ်၊ LA ဂလက်ဆီတို့မှာ သွင်းယူထားတဲ့ စုစုပေါင်းသွင်းဂိုး (၁၀၄) ဂိုးကို ထည့်သွင်းမတွက်ချက်ရသေးပါဘူး။

အီဘရာဟီမိုဗစ်ဟာ အေစီမီလန်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလကို ရောက်ရှိနေပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး ဘောလုံး ဆက်ကစားဖို့ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။