ရီးရယ်လ်နဲ့ပွဲမှာ ပီအက်စ်ဂျီ အတွက် အသေခံပြီး ကစားသွားမယ်ဆိုတဲ့ ရာမို့စ်

ရာမို့စ် ကတော့ အသင်းဟောင်း ရီးရယ်လ် နဲ့ ကစားရမယ့် ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းအတွက် အသေခံပြီး ကစားသွားမယ်လို့ ပြောလိုက်ပါတယ်။ရာမို့စ် ဟာ ရီးရယ်လ် အသင်းမှာ နှစ်ပေါင်းများစွာ ကစားခဲ့ပြီး နွေရာသီကမှ ပီအက်စ်ဂျီ ကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ရာမို့စ် ဟာ ဒဏ်ရာပြသနာတွေကြောင့် ပီအက်စ်ဂျီ အတွက် တပွဲသာ ပါဝင်ကစားရပေမယ့် အသင်းဟောင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာတော့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။

ပီအက်စ်ဂျီ အသင်းဟာ အစောပိုင်းက ချန်ပီယံလိဂ် (၁၆)သင်းအဆင့်အ‌တွက် မဲခွဲရာမှာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ချန်ပီယံလိဂ်မဲခွဲမှုမှာ အမှားအယွင်းတွေရှိခဲ့တာကြောင့် ပြန်လည်မဲခွဲရာမှာ ပီအက်စ်ဂျီ အသင်းဟာ ရီးရယ်လ်နဲ့ တွေ့ခဲ့တာပါ။

ရာမို့စ် က “ရီးရယ်လ် အတွက် ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်ခင်မှုကို ခင်ဗျားတို့သိပါတယ်။အခုကတော့ ပီအက်စ်ဂျီ ကို ကာကွယ်ဖို့ အလှည့်ရောက်ပါပြီ။ကျွန်တော်အတက်နိုင်ဆုံး အကောင်းဆုံးတွေကို လုပ်ဆောင်သွားမှာပါ”

“ဒီအသင်းဟာ ကျွန်တော့်ကို လောင်းကြေးထပ်ပြီး ခေါ်ယူတဲ့ အသင်းပါ။အဲ့ဒါကြောင့် ပီအက်စ်ဂျီ အတွက် အသေခံပြီး တိုက်ပွဲဝင်သွားမှာပါ။ရီးရယ်လ်နဲ့ ဒီလို ထိပ်တိုက်ရင်ဆိုင်တာမျိုးကို ကျွန်တော်မဖြစ်ချင်ပါဘူး”

“ဒါပေမယ့် ဘာနေဗျုးကို ပြန်လာရမှာတော့ ကျွန်တော်ပျော်ပါတယ်။ကျွန်တော်ဟာ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် မှန်ကန်တဲ့ နှုတ်ဆက်ပွဲမလုပ်ခဲ့ရပါဘူး။ပီအက်စ်ဂျီမှာ ဒဏ်ရာပြသနာတွေ ကြုံတွေ့ခဲ့ရတာဟာ ကျွန်တော့်အတွက်တော့ အလွန်ခက်ခဲပါတယ်”

“ကစားသမားတဦးလိုပြန်ခံစားရဖို့က အရေးကြီးတဲ့အရာပါ။နာရီပေါင်းများစွာ အမှောင်ထုတွေနဲ့အထီးကျန်ခဲ့ပြီး ဒါတွေကပဲ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ အကူအညီတွေပေးခဲ့ပါတယ်။ဒီမှာ မိသားစုလည်း အဆင်ပြေနေပါပြီ။ထပ်ကစားရမယ်လို့ တွေးပြီး ပြုံးမိပြန်တယ်”လို့ ဆိုခဲ့ပါတယ်။