ချန်ပီယံလိဂ်မှာ ယူနိုက်တက်ကို ဘယ်အသင်းမှ အနိုင်မယူနိုင်တာမျိုး ဖြစ်သွားနိုင်တယ်လို့ သတိပေး

ယူနိုက်တက် ကစားသမားဟောင်း ပေါလ်အင့်စ်က ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်တို့ ဗိုလ်စွဲသွားနိုင်တယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ စပိန်ကလပ် အက်သလက်တီကိုနဲ့ ထိပ်တိုက်တွေ့ဆုံနေတာပါ။

ပထမအကြိမ် မဲခွဲမှုမှာ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီနဲ့ ထိပ်တိုက်တွေ့ခဲ့ပေမယ့် မဲခွဲမှုမှာ အမှားအယွင်းတွေရှိခဲ့တာကြောင့် ပြန်ခွဲခဲ့ရာကနေ အခုလို အက်သလက်တီကိုနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး ယူနိုက်တက်နဲ့ ပတ်သက်လို့ ပေါလ်အင့်စ်က အခုလိုပဲ သုံးသပ်ခဲ့ပါတယ်။ ပေါလ်အင့်စ်က “ယူနိုက်တက်က ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်တဲ့ အသင်းတသင်းပါ”

“ကျနော် ဒီလိုပြောတော့ လူတွေက ကျနော့်ကို ရူးနေတယ်ထင်ကြမှာပဲ။ ခင်ဗျားတို့ ထင်ချင်သလို ထင်လို့ရပါတယ်။ ယူနိုက်တက်သာ အကောင်းဆုံး ပုံစံရနေရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်ပါတယ်”

“ဘယ်သူရှိနေတဲ့ အသင်းပဲဖြစ်ဖြစ်၊ ယူနိုက်တက်အတွက် ကိစ္စမရှိပါဘူး။ ရှုံးထွက်ပွဲတွေမှာ ခင်ဗျားက ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ ပုံစံကောင်းပြနိုင်ရင် ခင်ဗျားရဲ့ ပွဲပါပဲ”

“ယူနိုက်တက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မရောက်နိုင်စရာ အကြောင်းမရှိသလို ချန်ပီယံလိဂ်ဖလားကို မဆွတ်ခူးနိုင်စရာ အကြောင်း ဘာမှမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယာယီနည်းပြသစ် ရန်းနစ်ဂ်လက်ထက်မှာ လမ်းကြောင်းမှန်ပေါ် တက်ရောက်နိုင်ဖို့ ကြိုးစားနေတဲ့ အသင်းဖြစ်ပြီး ရန်းနစ်ဂ် လက်ထက် ပြိုင်ပွဲစုံ (၃) ပွဲမှာ (၂) ပွဲနိုင်၊ (၁) ပွဲသရေကျထားပါတယ်။