လိုင်လီနဲ့တွေ့လို့လည်း ပျော်မနေနဲ့၊ ပြုတ်သွားဦးမယ်လို့ သတိပေးခံလိုက်ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ မနေ့ညက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် မဲခွဲပွဲမှာ ပြင်သစ် လီဂူးကလပ် လိုင်လီနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။

နှစ်ကြိမ် မဲခွဲခဲ့ရတဲ့ ဒီမဲခွဲပွဲမှာ ချဲလ်ဆီးတို့ တော်တော်လေး ကံကောင်းခဲ့တယ်လို့ဆိုနိုင်ပြီး နှစ်ကြိမ်လုံးမှာ လိုင်လီနဲ့သာ ထိပ်တိုက်တွေ့ခဲ့တာပါ။

အုပ်စုအဆင့်မှာ ချဲလ်ဆီးတို့ အုပ်စု ဒုတိယနေရာသာရခဲ့တာကြောင့် ရှုံးထွက် အဆင့်မှာ ဘိုင်ယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ်တို့လို ထိပ်တန်းအသင်းတွေနဲ့ ချဲလ်ဆီးတွေ့ဆုံနိုင်ခြေရှိခဲ့ပေမယ့် အခုလိုမျိုးပဲ ပွဲချောင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လိုင်လီနဲ့ချဲလ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်ကတော့ ဒီပွဲစဥ်နဲ့ ပတ်သက်လို့ ချဲလ်ဆီးကို အခုလိုမျိုး သတိပေးလာခဲ့တာပါ။ ဂျိုကိုလ်းက “ချဲလ်ဆီးကတော့ အရမ်း၊ အရမ်းကို ပျော်ရွှင်နေပါလိမ့်မယ်။ ဒါပေမယ့် ကျနော်ကတော့ သူတို့ကို သတိပေးချင်ပါတယ်”

“ဘာလို့လဲဆိုတော့ လိုင်လီက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းပြီး၊ သန်မာတဲ့ တိုက်ပွဲဝင်စိတ်ဓာတ် အပြည့်နဲ့ အသင်းတသင်းပါ။ လိုင်လီအတွက် ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့်ပွဲက အရှုံးမရှိဘဲ အမြတ်ချည်းပဲ ထွက်မယ့်ပွဲပါ”

“ချဲလ်ဆီးက လက်ရှိချန်ပီယံအသင်းဖြစ်ပြီး အမဲလိုက်ရပါလိမ့်မယ်။ လိုင်လီ တကယ်ကစားရင် သိပ်ကြောက်ဖို့ ကောင်းတဲ့ အခြေအနေတခုကို ရောက်ရှိသွားနိုင်ပြီး ချဲလ်ဆီးအတွက် ခက်ခဲကြမ်းတမ်းတဲ့ ပွဲတပွဲဖြစ်လာမှာပါ”

“ဘိုင်ယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ်တို့ကို ရှောင်နိုင်လို့ သူတို့ အသက်ရှူချောင်ကောင်း ချောင်နိုင်ပါတယ်။ ဒါပေမယ့် လိုင်လီကိုလည်း လျှော့တွက်လို့ မရပါဘူး” လို့ သတိပေးပြောကြားသွားခဲ့တာဖြစ်ပါတယ်။