အသင်းပြောင်းချင်ရင် မီဒီယာတွေကို မပြောနဲ့၊ ငါ့ဆီ ဒဲ့လာပြောကွာလို့ မာစီရယ်လ်ကို ဖြဲလိုက်တဲ့ ရန်းနစ်ဂ်

ယူနိုက်တက် နည်းပြ ရန်းနစ်ဂ်က အသင်းက ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ မာစီရယ်လ်နဲ့ ပတ်သက်လို့ ပြတ်သားတဲ့စကားတွေကို ပြောကြားသွားခဲ့ပါတယ်။

မာစီရယ်လ်ရဲ့ အေးဂျင့်က ဒီရက်သတ္တပတ်အတွင်းမှာပဲ သူ့ကစားသမားက အသင်းပြောင်းဖို့ ဆန္ဒရှိနေတဲ့အကြောင်း၊ လာမယ့်ဆောင်းရာသီမှာတင် အသင်းက ထွက်ခွာနိုင်ဖို့ ယူနိုက်တက်နဲ့ ဆွေးနွေးသွားမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအတွက် နည်းပြ ရန်းနစ်ဂ်ကို မီဒီယာတွေက မေးမြန်းခဲ့ရာမှာတော့ ရန်းနစ်ဂ်က အခုလိုပဲ တုံ့ပြန်လာတာပါ။ ရန်းနစ်ဂ်က “ကျနော်ကတော့ အေးဂျင့်တွေနဲ့ စကားပြောရင် မီဒီယာတွေကတဆင့် စကားမပြောပါဘူး”

“ကစားသမားဘက်က ကျနော့်ကိုရော၊ အသင်းနဲ့ရော ဒီအကြောင်းကို မပြောရသေးပါဘူး။ ကျနော်က အခု အေးဂျင့်ပြောတဲ့ စကားကိုပဲ ပြန်တုံ့ပြန်ခဲ့တာပါ”

“ကစားသမားအနေနဲ့ အသင်းပြောင်းချင်ရင် ကျနော့်ကို ဒါမှမဟုတ် ဘုတ်အဖွဲ့က ဘယ်သူ့ကိုမဆို တိုက်ရိုက်ပြောလို့ရပါတယ်။ ကျနော်ကတော့ ကစားသမားတွေကိုလည်း မီဒီယာတွေကတဆင့် စကားမပြောပါဘူး”

“အရိုးသားဆုံး ပြောရရင် မာစီရယ်လ်ရဲ့ အေးဂျင့်က မီဒီယာတွေကို ပြောတဲ့ကိစ္စက အများကြီး စိတ်ဝင်စားစရာမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

မာစီရယ်လ်ဟာ နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်တည်းက ပုံမှန်နေရာ ပျောက်ဆုံးနေတာဖြစ်ပြီး ရန်းနစ်ဂ်လက်ထက်မှာလည်း ဦးစားပေးခံရဖို့ မရှိတာကြောင့် အသင်းက ထွက်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။