ယူနိုက်တက်ကို အခုထိ အချစ်မလျော့သေးကြောင်း သက်သေပြလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်းက အသင်းနည်းပြ ရာထူးက အထုတ်ပယ်ခံရပြီးနောက် လက်ရှိ အချိန်ထိ ဗြိတိန်မှာ နေထိုင်ဆဲဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ယူနိုက်တက်ရဲ့ ဒီရာသီအစောပိုင်း ရလဒ်ဆိုးတွေကြောင့် ဝေဖန်မှုတွေခံခဲ့ရပြီး တန်းတက်ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ရာထူးက အထုတ်ပယ်ခံခဲ့ရတာပါ။

ဆိုးလ်ရှားအနေနဲ့ အသင်းမှာရှိတဲ့ ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ခဲ့ပြီး သူ အထုတ်ခံရတော့မယ်ဆိုတာကို ကြိုသိချိန်မှာ ကစားသမားအချို့ ငိုကြွေးခဲ့ပါတယ်။

အခုချိန်မှာလည်း ဆိုးလ်ရှားက အသင်းဝန်ထမ်းတွေအတွက် တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို ခရစ္စမတ်လက်ဆောင်အဖြစ် အံ့အားသင့်ဖွယ် ပို့ဆောင်ပေးခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ဗြိတိန်ရှိ စားသောက်ဆိုင်တခုအတွင်း ယူနိုက်တက် ပရိသတ်တွေနဲ့ ပြန်လည်တွေ့ဆုံခဲ့ချိန်မှာလည်း နွေးနွေးထွေးထွေးပဲရှိခဲ့ပြီး သူ့အနေနဲ့ ယူနိုက်တက်အတွက် အကောင်းဆုံးလုပ်ပေးခဲ့ကာ ယူနိုက်တက်ကို နည်းပြရတဲ့အတွက် ဂုဏ်ယူနေရဆဲဖြစ်ပါတယ်။

ယူနိုက်တက်ဝန်ထမ်းတွေကတော့ ဆိုးလ်ရှားရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားခဲ့ရတယ်လို့လည်း သိရှိရပါတယ်။ ဆိုးလ်ရှားမတိုင်ခင် ပြီးခဲ့တဲ့ (၂၀၁၉) မှာလည်း ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောက အသင်းဝန်ထမ်းတွေအတွက် ခရစ္စမတ်လက်ဆောင်ပေးဖို့ ပေါင် (၆) ထောင်ဖိုး အသုံးပြုခဲ့ဖူးပါတယ်။

လုခ်ရှောဟာ ပေါင် (၂၀၀) တန်တဲ့ လက်ဆောင်ခြင်းအရေအတွက် (၃၀) ကို ဝန်ထမ်းတွေအတွက် လက်ဆောင်ပေးခဲ့တာဖြစ်ပြီး (၂၀၁၈) မှာလည်း အလားတူ လက်ဆောင်မျိုး ပေးခဲ့ဖူးတယ်လို့ သိရှိရပါတယ်။