အာဆင်နယ် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီဖြစ်တဲ့ အူဘာမီယန်း

အာဆင်နယ် အသင်းဟာ တိုက်စစ်ကစားသမားဖြစ်တဲ့ အူဘာမီယန်း ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားလိုက်ပြီလို့ တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။

စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိနေတဲ့ အူဘာမီယန်း ဟာ ဝက်စ်ဟမ်းနဲ့ ကစားမယ့် ပွဲစဉ်ရဲ့အသင်းလူစာရင်းမှာ ရွေးချယ်ခံရမှာမဟုတ်ဘူးလို့လည်း အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့တာပါ။

အူဘာမီယန်း ဟာ မိခင်ရဲ့ကျန်းမာရေးကြောင့် ပြင်သစ်ကို လိုက်သွားပြီး အချိန်မှီ ပြန်မရောက်ခဲ့တာကြောင့် အသင်းနဲ့ လေ့ကျင့်ခန်းမဆင်းရသေးတာဖြစ်ပါတယ်။အူဘာမီယန်း ဟာ ဆောက်သမ်တန် ကို အနိုင်ရတဲ့ ပွဲမှာလည်း အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။

ဂါဘွန် ကစားသမားဟာ အဲဗာတန် အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပြီး ပွဲပြီးခါနီးမှ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်း ဟာ အခုနောက်ပိုင်း ကစားခဲ့တဲ့ အသင်းရဲ့ပွဲစဉ်တွေမှာ အသင်းအတွက် ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် ဝေဖန်မှုတွေ ခံနေရတာလည်းဖြစ်ပါတယ်။အူဘာမီယန်း ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် (၁၅)ပွဲပါဝင်ကစားထားပြီး (၇)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

(၂၀၁၈) က ဒေါ့မွန် ကနေ ရောက်ရှိလာတဲ့ အူဘာမီယန်း ဟာ အာဆင်နယ် အသင်းအတွက် (၁၆၃)ပွဲပါဝင်ကစားထားပြီး (၉၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ အရင်ကလည်း ရှာခါကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့သေးတာဖြစ်ပါတယ်။အခုအချိန်မှာတော့ အာဆင်နယ် အသင်းရဲ့အသင်းခေါင်းဆောင်သစ် ဟာ ဘယ်သူဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။