ပီအက်စ်ဂျီမှာ သူနဲ့ မက်ဆီ ရဲ့ဆက်ဆံရေးကို ဖွင့်ဟခဲ့တဲ့ ရာမို့စ်

ရာမို့စ် ကတော့ ပီအက်စ်ဂျီ အသင်းမှာ မက်ဆီ နဲ့ အဝတ်လဲခန်းမျှဝေတာနဲ့ ပတ်သက်ပြီး ပြောလာခဲ့ပါတယ်။ရာမို့စ်နဲ့ မက်ဆီ တို့ ဟာ စပိန်လာလီဂါ မှာ ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ သူတို့(၂)ဦးဟာ ကောင်းမွန်တဲ့ အခြေအနေကို ရောက်ရှိသွားပြီလို့ ရာမို့စ် က ပြောခဲ့ပါတယ်။ဒါ့အပြင် သူတို့ရဲ့ဆက်ဆံရေးကလည်း အလွန်ကောင်းမွန်နေပြီလို့လည်း စပိန်နောက်ခံလူက ဆိုခဲ့တာပါ။

အခုအချိန်မှာတော့ သူတို့တွေဟာ အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး တဦးနဲ့တဦးလည်း အပြန်အလှန်လေးစားမှုရှိတယ်လို့ ရီးရယ်လ် နောက်ခံလူဟောင်းက ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

ရာမို့စ် က “အခုအချိန်မှာ ကျွန်တော်တို့ဟာ အဝတ်လဲခန်းကို မျှဝေသုံးစွဲနေပြီး ဆက်ဆံရေးတွေလည်း အလွန်ကောင်းမွန်ပါတယ်။ကျွန်တော်တို့ အသင်းကို အနိုင်ရအောင်ကူညီဖို့ ကြိုးစားနေပါတယ်”

“ချန်ပီယံလိဂ်ကို ရယူဖို့က အဓိက ရည်ရွယ်ချက်ပါပဲ။မက်ဆီရော ကျွန်တော်ရောက ဒါကို တခုခုပံ့ပိုးပေးနိုင်မှာပါ။ကျွန်တော်တို့က တဦးနဲ့ တဦးအလွန်လေးစားမှုရှိပါတယ်”လို့ ပြောခဲ့တာပါ။

မက်ဆီနဲ့ ရာမို့စ် တို့ဟာ စပိန်ထိပ်သီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရယ်လ် အသင်းတို့မှာ ပြိုင်ဘက်တွေအဖြစ် (၁၅)နှစ်ကျော်ကြာ ပြိုင်ဆိုင်ခဲ့ကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာတော့ (၂)ဦးလုံးဟာ စာချုပ်ကုန်ဆုံးပြီး ပီအက်စ်ဂျီ ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ရာမို့စ် ကတော့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မှာ အသင်းဟောင်း ရီးရယ်လ်နဲ့ ပြန်လည်တွေ့ဆုံရမှာဖြစ်သလို မက်ဆီကလည်း ခါးသီးပြိုင်ဘက်နဲ့ ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။