ချန်ပီယံလိဂ်အတွက် သူဂိုးသွင်းနေကျ ရီးရဲယ်ကို အပြတ်သတိပေးလိုက်တဲ့ မက်ဆီ

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား မက်ဆီက ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ ရီးရဲယ်မက်ဒရစ်နဲ့ တွေ့ဆုံနေတဲ့အပေါ် ပြိုင်ဘက်အသင်းကို သတိပေးစကားပြောကြားလိုက်ပါတယ်။

လာမယ့် ဖေဖော်ဝါရီနဲ့မတ်အတွင်းမှာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဥ်တွေကို ကစားကြမှာဖြစ်ပြီး ဘာစီလိုနာနဲ့အတူ ရီးရဲယ်မက်ဒရစ်ကို အကြိမ်ကြိမ်ရင်ဆိုင်နေကျ မက်ဆီက အခုတခါမှာတော့ ပီအက်စ်ဂျီ ကစားသမားအဖြစ် ရင်ဆိုင်ရမှာပါ။

ဒီပွဲနဲ့ ပတ်သက်လို့တော့ မက်ဆီက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ မက်ဆီက “ပီအက်စ်ဂျီရဲ့ အဓိကရည်ရွယ်ချက်က ချန်ပီယံလိဂ်ဖလားပါ။ ဒါ အားလုံးရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်”

“ထိပ်တန်း အသင်းကြီးတွေအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲက စပါယ်ရှယ် ပြိုင်ပွဲတပွဲပါ။ ဘာစီလိုနာကနေ ကျနော် ထွက်ခွာလာတာက အရမ်းကိုကြီးမားတဲ့ အပြောင်းအလဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က တနေရာတည်းမှာပဲ အကြာကြီးနေခဲ့လို့လေ”

“ဒါက လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် အခု ကျနော်တို့က ကြီးကျယ်ခမ်းနားတဲ့ မြို့တမြို့ကို ရောက်နေပြီး ကမ္ဘာ့အကောင်းဆုံး အသင်းတသင်းမှာ ကစားနေပါတယ်။ အဲ့ဒီအတွက်လည်း အရမ်းကို ပျော်ရွှင်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ပြင်သစ်လီဂူးမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ချန်ပီယံလိဂ်မှာတော့ ပီအက်စ်ဂျီအတွက် အကောင်းဆုံး ခြေစွမ်းတွေကို ပြသနေဆဲဖြစ်ပါတယ်။