ဘာကာကြယ်ပွင့်အတွက် နေမာကိုပါ အံ့အားသင့်ဖွယ် အလိုက်ပေးမယ့် ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀) အပြင် နေမာကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ စိတ်ကူးရှိနေတယ်လို့ သိရပါတယ်။

ဖရန်ကီဒီဂျောင်ဟာ ဘာစီလိုနာကို စွန့်ခွာဖို့ စီစဥ်နေပြီး ဘာစီလိုနာ နည်းပြ ဇာဗီကိုယ်တိုင်ကလည်း ဖရန်ကီဒီဂျောင်ကို လက်လွှတ်ခံသွားဖို့ ပြင်ဆင်ထားတာပါ။

ဒီနယ်သာလန် ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ဥရောပထိပ်တန်း အသင်း (၅) သင်းလောက်က စိတ်ဝင်စားနေတယ်လို့ ကစားသမားရဲ့ အဖေက ပြောကြားထားပါသေးတယ်။

ဒီအထဲမှာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့လည်း ပါဝင်ပေမယ့် မန်ချက်စတာနဲ့မြူးနစ်တို့ရဲ့ ရာသီဥတု ဆိုးရွားမှုတွေကြောင့် ကစားသမားက ဒီနှစ်သင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိပါဘူး။

ပီအက်စ်ဂျီကလည်း ဒီဂျောင်ကို စိတ်ဝင်စားတဲ့အသင်းတွေထဲ ပါဝင်ပြီး ပြောင်းရွှေ့ကြေးအပြင် နေမာကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ အံ့အားသင့်ဖွယ် ပြင်ဆင်လာတာပါ။

နေမာဟာ ဘာစီလိုနာ ကစားသမားဟောင်းတယောက်ဖြစ်ပြီး သူ့ရဲ့ ကြံ့ခိုင်မှုမှတ်တမ်းနဲ့ အသက်အရွယ်အရ အကောင်းဆုံးပုံစံ ကြာကြာမရနိုင်တော့ဘူးလို့ ပီအက်စ်ဂျီဘက်က ယူဆထားတာကြောင့် အခုလို လက်လွှတ်ခံဖို့ ပြင်ဆင်လာတာဖြစ်နိုင်ပါတယ်။

အသက် (၂၄) နှစ်အရွယ် ဖရန်ကီဒီဂျောင်ကို အေဂျက်စ် ကစားသမားဘဝမှာတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ပီအက်စ်ဂျီတို့ ဒီတကြိမ်မှာရော နေမာကိုရင်းပြီး အရခေါ်ယူနိုင်မလား စောင့်ကြည့်ရမှာပါ။