ဒုံးကျည်အစစ်လားထင်မှတ်ရလောက်အောင် ပြင်းထန်တဲ့ဂိုးကိုမှ သွင်းပြသွားတဲ့ ဒီဘရိုင်း

မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့လိဒ်စ်ပွဲမှာ မန်စီးတီးက ၇-၀ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းမှာတင် မန်စီးတီးတို့ (၃) ဂိုးပြတ်နဲ့ ဦးဆောင်ထားတာဖြစ်ပြီး ဒုတိယပိုင်းမှာလည်း ကစားအားမချဘဲ ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့တာပါ။

ဒီပွဲမှာ ပွဲထွက်ပါဝင်လာခဲ့တဲ့ ဒီဘရိုင်းကလည်း အသင်းအတွက် (၂) ဂိုးသွင်းယူနိုင်ခဲ့ပြီး ၅-၀ ဂိုးဖြစ်စေမယ့် သူ့ရဲ့ သွင်းဂိုးကတော့ ပရိသတ်တွေအတွက် ပါးစပ်အဟောင်းသားဖြစ်ရလောက်အောင် လှပခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာ လူစားဝင်လာပြီး ခြေစွမ်းပြခဲ့တဲ့ ဂွန်ဒိုဂန် ချပေးလိုက်တဲ့ ဘောလုံးကို ဒီဘရိုင်းက ဧရိယာအပြင်ကနေ ပြင်းထန်အားပါတဲ့ ကန်ချက်နဲ့ ကန်သွင်းခဲ့တာဖြစ်ပြီး လိဒ်စ်ဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရတာပါ။

ဒုံးကျည်ကန်ချက်နဲ့ ကန်သွင်းခဲ့တဲ့ ဒီဂိုးက ပရိသတ်တွေအပြင် မန်စီးတီးနည်းပြ ဂွါဒီယိုလာကိုပါ အံ့အားသင့်စေခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အလှပဆုံး သွင်းဂိုးတွေထဲက တဂိုးအဖြစ် သတ်မှတ်ရပါလိမ့်မယ်။

မန်စီးတီးအတွက် နောက်ထပ်သွင်းဂိုးတွေကိုတော့ ဖိုဒန်၊ ဂရီလစ်ရှ်၊ မာရက်ဇ်၊ ဂျွန်စတုန်းစ်နဲ့ နာသန်အကီတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။