ကစားသမားဘ၀က အနားယူပြီိလို့ ပြောရာမှာ မျက်ရည်တွေမထိန်းနိုင်ဖြစ်ခဲ့တဲ့ အဂွေရို

ဘာစီလိုနာ အသင်းတိုက်စစ်မှူး အဂွေရို ဟာ ကစားသမားဘ၀ကနေ အနားယူကြောင်းကို ဒီနေ့မှာပဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကြေညာသွားခဲ့ပါတယ်။အဂွေရို ဟာ ကျန်းမာရေး အခြေအနေကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကနေ အနားယူပြီလို့ ပြောခဲ့ရာမှာ မျက်ရည်တွေ မထိန်းနိုင်အောင်ဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနား ကစားသမားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကစားခဲ့တဲ့ အလာဗတ်စ်နဲ့ (၁)ဂိုးစီ သရေကျတဲ့ ပွဲမှာ ရင်ဘတ်အောင့်ပြီး အသက်ရှုကျပ်ခဲ့တဲ့ ဝေဒနာကိုခံစားခဲ့ရတာပါ။အဲ့ဒီနောက်ပိုင်းမှာ အဂွေရို ဟာ ကစားသမားဘ၀ကနေ အနားယူတော့မယ့် သတင်းတွေဟာ ဆက်တိုက်ထွက်ပေါ်ခဲ့တာပါ။

အဂွေရို ဟာ ကစားသမားဘ၀က အနားယူကြောင်းကို သူ့ရဲ့ သူငယ်ချင်းတွေ၊မိသားစုတွေနဲ့ ဘာစီလိုနာ အသင်းဖော်တွေရှေ့မှာ ပြောခဲ့တာဖြစ်ပါတယ် အဂွေရို က “ ကျွန်တော် ပရော်ဖက်ရှင်နယ် ဘောလုံးကစားတာကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ပါပြီ။လွန်ခဲ့တဲ့ (၁)လခွဲခန့် က အခြေအနေတွေကြောင့် ဆုံးဖြတ်ခဲ့ရတာပါ”

“ကျွန်တော့်ကို ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေက အစွမ်းကုန်လုပ်ပေးခဲ့ပါတယ်။သူတို့က ကျွန်တော့် အကောင်းဆုံးအရာက ဘောလုံးကစားတာကို ရပ်လိုက်ဖို့ပါပဲလို့ ပြောခဲ့ပါတယ်။လွန်ခဲ့တဲ့ (၁၀)ရက်က ဒီဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်ပြီး အားလုံးမျှော်လင့်ချက်ရှိဖို့ ဖြစ်နိုင်တဲ့ အရာအားလုံးကို ကျွန်တော်လုပ်ခဲ့တာပါ။ဒါပေမယ့် ဖြစ်နိုင်ချေအများကြီး မရှိ်ခဲ့ပါဘူး”

“ကျွန်တော်ရဲ့ကစားသမားဘ၀ အတွက် အလွန်ဂုဏ်ယူမိပါတယ်။ကျနော် (၅)နှစ်သားတည်းက ကစားဖို့ အိမ်မက်တွေမက်ခဲ့တာပါ။ဥရောပကို ရောက်မယ်လို့တော့ မထင်ခဲ့ပါဘူး။ကျွန်တော့်ကို အသက်(၁၈) နှစ်အရွယ်မှာ လောင်းကြေးထပ်ပြီး ခေါ်ခဲ့တဲ့ အသလက်တီကို အသင်းကို အလွန်ကျေးဇူးတင်ပါတယ်”

“မန်စီးတီးနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်ဘယ်လိုခံစားရလဲဆိုတာ အားလုံးသိပါတယ်။ဘာစီလိုနာမှာ ရှိတဲ့သူတွေလည်း ကျွန်တော့် အပေါ်မှာ အားလုံးကောင်းကြပါတယ်။ အာဂျင်တီးနားလက်ရွေးစင် အသင်းကိုလည်း အလွန်ကျေးဇူးတင်ပါတယ်။အခုထွက်ခွာရတော့မယ့် အချိန်မှာ ခေါင်းကိုမော့ထားရမှာဖြစ်တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီအကုန်ကမှ မန်စီးတီးကနေ အလွတ်နဲ့ ရောက်ရှိလာတဲ့ အဂွေရို ဟာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ (၅)ပွဲသာ ပါ၀င်ကစားခဲ့ရပြီး (၁)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။