အာဆင်နယ်ကို ဒိုင်ကူတယ်ဆိုပြီး ဝက်စ်ဟမ်းပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ဝက်စ်ဟမ်းပွဲမှာ အာဆင်နယ်က ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယပိုင်းစစချင်း မာတီနယ်လီက ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီး စမစ်ရိုးက ပွဲသိမ်းဂိုး သွင်းယူပေးခဲ့တာပါ။

ဒီပွဲမှာ ဝက်စ်ဟမ်း ညာနောက်ခံလူ ကူဖယ်လ် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပြီး အာဆင်နယ်ကိုလည်း ပင်နယ်တီပေးခဲ့ရပါတယ်။

ဒီဖြစ်ရပ်မှာ ကူဖယ်လ်က လာကာဇက်နဲ့ဖြစ်ရပ်မှာ ဘောလုံးကိုသာ အရင်ဆုံး တားဆီးခဲ့ပေမယ့် ကွင်းလယ်ဒိုင် အန်သိုနီတေလာက အဝါကတ်လည်းပြ၊ ပင်နယ်တီလည်း ပေးခဲ့တာပါ။

ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဝက်စ်ဟမ်းကစားသမားတွေရော၊ နည်းပြ မိုယက်စ်တို့ပါ အကြီးအကျယ် အံ့အားသင့်ခဲ့ရပါတယ်။

ဒါပေမယ့် လာကာဇက်က ရရှိလာတဲ့ ပင်နယ်တီကို ဝင်အောင်မကန်သွင်းနိုင်ခဲ့ဘဲ ဝက်စ်ဟမ်းဂိုးသမား ဖေဘီယန်စကီးက အကောင်းဆုံး ကာကွယ်သွားခဲ့ပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာ ဝက်စ်ဟမ်းတို့ တယောက်လျော့နဲ့ ကစားခဲ့ရတာက အသင်းကို အားနည်းစေခဲ့ပြီး ၁-၀ ဖြစ်နေချိန်မှာ ချေပဂိုး ပြန်မရခဲ့ဘဲ စမစ်ရိုးရဲ့ ဂိုးကိုပါ ခွင့်ပြုလိုက်ရတာပါ။

ဒီဖြစ်ရပ်အတွက် ဝက်စ်ဟမ်းပရိသတ်တွေက “ဒီရာသီမှာ အဆိုးရွားဆုံး ဆုံးဖြတ်ချက်” လို့တောင် ဝေဖန်သမုတ်နေကြပြီး အနီကတ်အတွက်ရော၊ ပင်နယ်တီအတွက်ပါ VAR ကို အသုံးမပြုခဲ့တဲ့အပေါ် အပြင်းအထန် ပြစ်တင်လျက်ရှိပါတယ်။