ခေါင်းဆောင်ပြုတ်ကြီး အူဘာကို တလောကလုံးက ဝိုင်းပြီး အားပေးနေရ

အာဆင်နယ်ဟာ အူဘာမီးယန်းကို အသင်းခေါင်းဆောင်အဖြစ်က ဖယ်ရှားလိုက်ပြီလို့ မကြာခင်ကပဲ  ကြေညာခဲ့ပြီး သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝကလည်း မရေမရာဖြစ်လာခဲ့ပါတယ်။

အူဘာမီးယန်းဟာ ပြင်သစ်ကို ပြန်သွားခဲ့ပြီးနောက် အသင်းနဲ့ ပြန်လည်ပူးပေါင်းချိန် နောက်ကျခဲ့တာကြောင့်် ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့ဘဲ မနေ့ညက ဝက်စ်ဟမ်းကို နိုင်တဲ့ပွဲမှာလည်း ကစားသမားစာရင်းထဲ မပါဝင်ခဲ့ပါဘူး။

အဲ့ဒါကြောင့် အသင်းခေါင်းဆောင်ရာထူး ဆုံးရှုံးရမှုနဲ့အတူ အူဘာမီးယန်း အာဆင်နယ်ကိုပါ စွန့်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒီအပေါ်မှာတော့ ချဲလ်ဆီးနည်းပြ တူဟယ်လ်က သူနဲ့အတူ ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးတဲ့ အူဘာမီးယန်းရဲ့ လတ်တလောဖြစ်ရပ်တွေအတွက် ဖွင့်ဟပြောကြားလာပါတယ်။ တူဟယ်လ်က “ကျနော် အူဘာမီးယန်းကို မနှောင့်ယှက်ချင်ပါဘူး”

“သူက ကျနော့်အတွက် အရမ်းကို အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပြီး ဒီနေ့အထိ ကျနော်တို့အကြား ရင်းနှီးတဲ့ ဆက်ဆံရေးရှိဆဲပါ။ ကျနော်တို့ ပြန်တွေ့တိုင်း အရမ်းအရမ်းကို ကောင်းမွန်တဲ့ ခံစားချက်ကို ရတုန်းပါ”

“သူနဲ့ ပတ်သက်လို့ ကစားသမားတယောက်အနေနဲ့ရော၊ လူသားတယောက်အနေနဲ့ပါ ကျနော် ပြောနိုင်တာ ကောင်းတဲ့အရာတွေပဲရှိပါတယ်။ သူ အခုလို ပြဿနာတက်နေတာ ကျနော် စိတ်မကောင်းပါဘူး”

“သူ့ရဲ့ အရည်အချင်းနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ပုံစံတွေက ဒီလိုမျိုး မဖြစ်သင့်ပါဘူး။ ကျနော် အူဘာမီးယန်းကို အခုထိ ယုံကြည်ပါတယ်။ ဒါပေမယ့် ကျနော် ဒီကိစ္စမှာ ဘာမှဝင်မပြောလိုပါဘူး”

“ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ အာဆင်နယ်ကို လေးစားမှုထားတဲ့အနေနဲ့ ကျနော် ဝင်မပါလိုပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။