ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး RB က ဘယ်သူလဲလုပ်ပါဦးလို့ ကစ်ပျောက်နဲ့ မေးသွားတဲ့ အာနိုးလ်

လီဗာပူး ညာနောက်ခံလူ အာနိုးလ်ဟာ မနေ့ညက အံ့အားသင့်ဖွယ် လှပတဲ့ သွင်းဂိုးတဂိုးနဲ့အတူ သူ့ကိုယ်သူ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူအဖြစ် သက်သေပြခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ဒီပွဲမှာ ပွဲကစားချိန် အစောပိုင်းမှာတင် လီဗာပူးတို့ မထင်မှတ်ဘဲ ဦးဆောင်ဂိုးပေးလိုက်ရပြီး ကစားသမားဟောင်း ရှယ်လ်ဗီက နယူးကာဆယ်အတွက် ဂိုးသွင်းယူပေးခဲ့တာပါ။

အဲ့ဒီနောက် ဂျိုတာ၊ ဆာလာတို့ လီဗာပူးအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး ပွဲသိမ်းဂိုးကိုတော့ အာနိုးလ်က လှပတဲ့ အပြင်းကန်ချက်နဲ့ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ် ကွင်းဘက်ခြမ်းမှာရလာတဲ့ ပြစ်ဒဏ်ဘောကို မြန်မြန်ဆန်ဆန်ပဲ စတင်ခဲ့ပြီး အာနိုးလ်ကတဆင့် ဖေမီနိုကိုအပေး၊ ဖေမီနိုက ပြန်အချပေးမှာ အာနိုးလ် (၂၅) ကိုက်အကွာလောက်နေ အပြင်း ကန်သွင်းသွားခဲ့တာပါ။

အာနိုးလ်ရဲ့ ကန်ချက်က ပြင်းလွန်းတာကြောင့် ရုပ်သံကြည့်ပရိသတ်တွေ ဘောလုံးတောင် မမြင်လိုက်ရသလို နယူးကာဆယ်ဂိုးသမား ဒူဘရာကာလည်း ကာကွယ်ဖို့ အခွင့်အရေးမရလိုက်ပါဘူး။

ပွဲအပြီးမှာတော့ ပရိသတ်တွေက ဒီဂိုးကို အမွှန်းတင်နေပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးညာနောက်ခံလူအဖြစ် ရီစီဂျိမ်းစ်နဲ့ ယှဥ်ပြိုင်နေရတဲ့အပေါ်မှာပါ တုံ့ပြန်ရေးသားခဲ့ကြပါတယ်။

ပရိသတ်တယောက်က “အာနိုးလ်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ညာနောက်ခံလူတယောက်ပါ။ သူ့ကို ဘယ်တော့မှ ရီစီဂျိမ်းစ်နဲ့ တတန်းတည်းမထားပါဘူး” လို့ ရေးသားသွားခဲ့ပါသေးတယ်။