ရန်းနစ်ဂ်ကိုင်နေတာလား? ဒါဆို မန်ယူ ချန်ပီယံလိဂ်ရနိုင်တာပေါ့ဆိုတဲ့ လူးဝစ်ဆာဟာ

ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက နည်းပြ ရန်းနစ်ဂ်နဲ့အတူ ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။

မကြာခင်ကပဲ ယူနိုက်တက်ကစားသမားဟောင်း ပေါလ်အင့်စ်က ယူနိုက်တက်သာ ပုံစံကောင်းပြနေရင် သူတို့ကို အနိုင်ယူနိုင်တဲ့ အသင်းမရှိဘူးလို့ ပြောကြားဖူးတာပါ။

လက်ရှိအချိန်မှာလည်း လူးဝစ်ဆာဟာက “လက်ရှိ ယူနိုက်တက် ကစားသမားတွေနဲ့ ချန်ပီယံလိဂ်ဖလားရနိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် သူတို့ ပုံစံကောင်းတခုကို ရှာဖွေဖို့ လိုအပ်ပါတယ်”

“ဖလားပြိုင်ပွဲတွေမှာ ခင်ဗျားက ပြိုင်ဘက်ထက် ကိုယ်က အင်အားပိုကြီးတယ်၊ စိတ်ပိုင်းဆိုင်ရာအရ ပိုသန်မာတယ်ဆိုတာကို ပြဖို့ လိုအပ်ပါတယ်”

“အဲ့ဒီလိုသာလုပ်နိုင်ရင်တော့ မဖြစ်နိုင်တာ ဘာမှမရှိတော့ပါဘူး။ မှန်ကန်တဲ့ ရပ်တည်မှုမရှိရင် ဒါမှမဟုတ် အတွေးတွေလွန်နေရင် ဒါမှမဟုတ် နည်းဗျူဟာပိုင်းမှားယွင်းခဲ့ရင် ခင်ဗျား ပြဿနာတက်မှာပဲ”

“ဒါပေမယ့် ဒါတွေအကုန်လုံးကို မှန်ကန်တဲ့ စီမံခန့်ခွဲမှုနဲ့ ပြောင်းလဲနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးတို့ နည်းပြသစ်နဲ့ ချန်ပီယံလိဂ်ဖလားရခဲ့တာကို မြင်ခဲ့ရပါတယ်”

“အခု ယူနိုက်တက်မှာ နည်းပြအပြောင်းအလဲဖြစ်ခဲ့ပါပြီ။ ချဲလ်ဆီးလိုပဲပေါ့။ ဒီတော့ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ စပိန်ကလပ် အက်သလက်တီကိုနဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်မလား စောင့်ကြည့်ရတော့မှာပါ။