ရော်နယ်ဒို အသင်းမှာလွှမ်းမိုးနေတာကို သဘောမကျတဲ့ ယူနိုက်တက်ကြယ်ပွင့်

ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားလေး မေဆင်ဂရင်းဝုဒ်ဟာ အသင်းမှာ ပွဲထွက်ခွင့်နည်းပါးနေတဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုရဲ့ ယူနိုက်တက်မှာ လွှမ်းမိုးမှုကြီးမားနေတဲ့ အပေါ်မှာလည်း ဂရင်းဝုဒ်က သဘောမကျဖြစ်နေတယ်လို့ သိရှိရပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ ဆိုးလ်ရှားလက်အောက်မှာ အသင်းရဲ့ အဓိက,ကစားသမားဖြစ်ခဲ့ပေမယ့် ရော်နယ်ဒိုရောက်လာပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတာပါ။

အက်စတွန်ဗီလာကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကစလို့ ဂရင်းဝုဒ်နဲ့ ရော်နယ်ဒိုအကြားမှာလည်း ပြဿနာတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီနှစ်ယောက်အကြား လူပေးကစားတာမျိုး မရှိတာကို အသင်းဖော်တွေကပါ သတိထားမိနေပြီး ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြတာပါ။

ဂရင်းဝုဒ်ဟာ နည်းပြရန်းနစ်ဂ်လက်ထက် ကစားပြီးတဲ့ ပရီးမီးယားလိဂ် (၂) ပွဲလုံးမှာ ပွဲထွက် ကစားသမားစာရင်းက ချန်လှပ်ခံခဲ့ရတဲ့နောက် အသင်းက ထွက်ခွာဖို့ စဥ်းစားလာပါပြီ။

ဒီအင်္ဂလန်ကစားသမားလေးကို ခေါ်ယူဖို့ အာဆင်နယ်အပါအဝင် ဥရောပထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

ရန်းနစ်ဂ်ကတော့ ဂရင်းဝုဒ်အနေနဲ့ အခုထက် ပွဲထွက်ခွင့်ပိုရဖို့ သက်သေပြစရာတွေ ကျန်သေးတယ်လို့ဆိုထားပြီး တကယ်တမ်းသာ ဂရင်းဝုဒ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရလာခဲ့ရင် လက်လွှတ်ခံသွားဖွယ်ရှိနေပါတယ်။

ဒါ့အပြင် ယူနိုက်တက်ကနေ ထွက်ခွာဖို့ မာစီရယ်လ်၊ လင်ဂတ်တို့လို တိုက်စစ်ကစားသမားတွေကလည်း ဆန္ဒရှိနေပြီး ဒီကစားသမားတွေကတော့ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာတင် ထွက်ခွာဖွယ်ရှိနေပါတယ်။