ငါ့အသင်းကလူကို ဝယ်မလား၊ ဝယ်မလား လိုက်မေးပြီး လူရွှင်တော်ဘဝရောက်နေတဲ့ ဘာကာ

ဘာစီလိုနာဟာ သူတို့ရဲ့ နောက်ခံလူ အမ်တီတီကို ရရာစျေးနဲ့ ရောင်းချဖို့ ပြင်ဆင်နေရပေမယ့် ဒီကစားသမားကို ခေါ်ယူလိုတဲ့ အသင်းမရှိတာကြောင့် အခက်တွေ့နေရပါတယ်။

အဆိုပါ ပြင်သစ်နောက်ခံလူဟာ ဘာစီလိုနာအတွက် ဒီရာသီ လာလီဂါတပွဲသာ ပါဝင်ကစားပေးထားပြီး ပုံမှန်ခြေစွမ်း ပြသဖို့ ရုန်းကန်နေရတဲ့ ကစားသမားပါ။

ဒါ့အပြင် အသင်းအခက်တွေ့နေချိန်မှာ လစာလျှော့ယူဖို့ပါ ငြင်းဆန်ထားတာကြောင့် ဘာစီလိုနာပရိသတ်တွေက အမ်တီတီကို မျက်မုန်းကျိုးနေတာပါ။

အဲ့ဒါကြောင့် ဘာစီလိုနာက ဒီကစားသမားကို ရောင်းထုတ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဝယ်ယူမယ့်အသင်းကို ရှာဖွေနေရတာပါ။

နာမည်မဖော်ပြထားတဲ့ အသင်းတသင်းနဲ့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတခုမှာ ဘာစီလိုနာက အမ်တီတီကို ရောင်းချဖို့ ညှိနှိုင်းခဲ့ပေမယ့် အဆိုပါအသင်းကတော့ ဟာသလုပ်လှောင်ပြောင်သွားတယ်လို့ သိရပါတယ်။

ဘာစီလိုနာက အဲ့ဒီအသင်းကို အမ်တီတီကို ဝယ်ယူဖို့ ကမ်းလှမ်းချိန်မှာ “ခင်ဗျားတို့ ဟာသလုပ်နေတာလား” လို့ မေးခွန်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာဘုတ်အဖွဲ့ဝင်တွေက တပတ်လုပ်ခ ပေါင် (၂) သိန်းကျော်ပေးထားရတဲ့ ဒီကစားသမားကို ရောင်းချဖို့ထက် စာချုပ်ဖျက်သိမ်းဖို့သာ အဓိကဦးစားပေးကြိုးစားရမှာပါ။

ပြီးခဲ့တဲ့နွေရာသီတည်းက လုပ်ခလစာတွေလျှော့ချဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာဟာ အမ်တီတီကို အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲဖို့ ညှိနှိုင်းခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

(၂၀၁၆) မှာ ဘာစီလိုနာက အမ်တီတီကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀) နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားရဲ့ စာချုပ်သက်တမ်းကလည်း လာမယ့် (၂၀၂၃) နွေရာသီအထိ ကျန်ရှိနေဆဲပါ။