ဘာကာ ရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်တဲ့ ကာဗာနီ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ကာဗာနီ ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းလာမှုကို လက်ခံလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အသက်(၃၄)နှစ် အရွယ်ရှိ ကာဗာနီ ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မကြာသေးခင်က အငြင်းအခုံတွေ ဖြစ်နေတာဖြစ်ပါတယ်။

ကာဗာနီ ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ သူ့ရဲ့ အနာဂတ်ကို စဉ်းစားနေတာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း(၆)လသာ ကျန်ရှိတော့တဲ့ ကာဗာနီ ဟာ ဒဏ်ရာပြသနာတွေ၊နေရာအတွက် ပြိုင်ဆိုင်မှုတွေကြောင့် ပရီးမီးယားလိဂ်(၂)ပွဲသာ ပွဲစတည်းက ပါ၀င်ခွင့် ရထားတာပါ။

ဘာစီလိုနာ အသင်းဟာ ကစားသမားဘ၀က အနားယူသွားပြီဖြစ်တဲ့ အဂွေရိုရဲ့ နေရာမှာ အစားထိုးဖို့ ကာဗာနီ ကို ပစ်မှတ်ထားကြိုးပမ်းနေတာဖြစ်ပါတယ်။ကတ်တလန် အသင်းဟာ ကာဗာနီ ကို မက်လောက်စရာဆွဲဆောင်မှုနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

မာကာ သတင်းကတော့ ကာဗာနီ နဲ့ ဘာစီလိုနာ တို့ဟာ သဘောတူညီမှုရရှိသွားပြီလို့ ဖော်ပြထားပြီး ဥရုဂွေး ကစားသမား ဟာ ဘိုကာဂျုနီယာ ကို ကျော်ပြီး ဘာစီလိုနာ အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဘာစီလိုနာ အသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သဘောတူညီမှု ရဖို့ လိုအပ်နေတာပါ။

ကာဗာနီ ကိုယ်တိုင်ကလည်း ဘာစီလိုနာ အသင်း ယူရိုပါလိဂ် ကစားရမှာဖြစ်ပေမယ့် ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ကာဗာနီ ကို (၁၈)လစာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကာဗာနီ ကို ခေါ်ယူဖို့ ဘိုကာဂျုနီယာ အသင်းကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ ဘာစီလိုနာ အသင်းကိုသာ ရွေးချယ်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

ကာဗာနီ ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၄၇)ပွဲပါ၀င်ကစားထားပြီး (၁၈)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။