ဘာကာပရိသတ်တွေ မက်ဆီကိုလွမ်းသွားစေမယ့် ဂိုးကိုသွင်းပြလိုက်တဲ့ (၁၇) နှစ်သားလေး

ဘာစီလိုနာဟာ မနေ့ညက လာလီဂါ အိမ်ကွင်းပွဲအဖြစ် အယ်လ်ချီကို ဧည့်ခံကစားခဲ့ရပြီး ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာတို့ ပထမပိုင်းတည်းက (၂) ဂိုးပြတ် ဦးဆောင်ထားနိုင်ပေမယ့် ဒုတိယပိုင်းမှာတော့ (၂) ဂိုးပြန်ပေးခဲ့ရတာကြောင့် အနိုင်ရဖို့ ရုန်းကန်ခဲ့ရတာပါ။

ဘာစီလိုနာအတွက် အနိုင်ဂိုးကိုတော့ ပွဲကစားချိန် (၈၅) မိနစ်မှ နီကိုဂွန်ဇာလက်ဇ်က သွင်းယူခဲ့တာဖြစ်ပြီး ဒီပွဲမှာ ဘာစီလိုနာရရှိခဲ့တဲ့ ဒုတိယဂိုးအတွက် ဂါဗီရဲ့ သွင်းယူပုံ၊ လှုပ်ရှားပုံကို ပရိသတ်တွေက တခုတ်တရ ချီးကျူးနေရပါတယ်။

ဂါဗီဟာ အယ်လ်ချီကွင်းဘက်ခြမ်းမှာ ဘောလုံးကို လှလှပပ လက်ခံရယူခဲ့ပြီး ဆွဲပြေးကာ ပြိုင်ဘက် နောက်ခံလူတယောက်ကိုပါ ဖြတ်ကျော်ခဲ့တာပါ။

အဲ့ဒီနောက် ဂါဗီက ဧရိယာထိပ်ကနေ ဒီဘောလုံးကို ဂိုးသမားရဲ့ ညာဘက်အနိမ့်ထောင့်ထဲ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အသက် (၁၇) နှစ်အရွယ် ဒီကစားသမားရဲ့ ဘောလုံး လက်ခံရယူပုံ၊ ဆွဲပြေးပုံနဲ့ အဆုံးသတ် ကန်သွင်းပုံတွေက တော်တော်လေး သပ်ရပ်ခဲ့ပြီး ပရိသတ်တယောက်က “ဂါဗီက မက်ဆီ ဘာစီလိုနာအတွက် ပွဲဦးထွက်တဲ့နှစ်မှာ မွေးဖွားခဲ့တာပါ”

“ဒါပေမယ့် အခုဆို သူက ထက်မြက်ပြီး အကြောက်အလန့်ကင်းတယ်၊ အရည်အချင်းရှိပြီး၊ တကယ်ကို ချစ်ဖို့ကောင်းတဲ့ ကစားသမားဖြစ်နေပါပြီ” လို့ ချီးကျူးခဲ့ပါတယ်။ အခြားသော ပရိသတ်ကလည်း “ဂါဗီက မက်ဆီကိုယ်တိုင် ဂုဏ်ယူနေရမယ့် ဂိုးတဂိုးကို သွင်းယူခဲ့တာပါ။ သူက ဘာစီလိုနာရဲ့ အနာဂတ်ပါ” လို့ ချီးကျူးရေးသားသွားခဲ့ပါတယ်။