လာကာဇတ်တီနဲ့ တွဲကစားနေရတာကို အလွန်ပျော်ရွှင်နေတဲ့ မာတင်နယ်လီ

မာတင်နယ်လီ ကတော့ လာကာဇတ်တီ နဲ့ တွဲဖက်ကစားနေရတာကို အလွန်ပျော်ရွှင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြလိုက်ပါတယ်။အာတီတာ ဟာ အူဘာမီယန်းကို ပွဲထွက်ခွင့် မပေးတော့တာကြောင့် မာတင်နယ်လီ ဟာ ပိုမိုကစားခွင့်ရနေတာဖြစ်ပါတယ်။

မာတင်နယ်လီ ဟာ အာတီတာ ကို သွင်းဂိုးတွေနဲ့ ပြန်လည်ပေးဆပ်နေခဲ့တာလည်းဖြစ်ပါတယ်။မာတင်နယ်လီ ဟာ လိဒ်စ် ကို (၄)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြပြီး (၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

မာတင်နယ်လီ ဟာ ၀က်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အာဆင်နယ် အတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တာပါ။ဘရာဇီးလ် ကစားသမားဟာ အသင်းမှာ ပြေးလွှားနေရတာကိုလည်း နှစ်သက်နေတာ ဖြစ်ပါတယ်။

လိဒ်စ် ကို အနိုင်ရတဲ့ ပွဲအပြီးမှာ မာတင်နယ်လီ က “ကျွန်တော်တို့ဟာ ကျွန်တော်တို့ အလုပ်ကိုလုပ်ခဲ့ပြီး အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်။ဒါဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါပဲ။ ကျွန်တော်လည်း ဒီထက်ဂိုးပိုသွင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်”

“ဒါပေမယ့် အရေးကြီးဆုံးအရာကတော့ အသင်းနိုင်ပွဲရဖို့ပါပဲ။ကျွန်တော်အလွန်ပျော်ပါတယ်။(၅)ပွဲဆက်တိုက် ပွဲစတင်ကစားခွင့်ရခဲ့ပြီး ကျွန်တော်ဟာ ကွင်းတွင်းမှာရော ကွင်းပြင်ပမှာ အကောင်းဆုံးကြိုးစားနေပါတယ်။ပရီး မီးယားလိဂ်က ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်တို့သိပါတယ်”

“ကျွန်တော်တို့ဟာ ပွဲတိုင်းကို ကောင်းမွန်စွာ ကစားဖို့လိုအပ်ပြီး ပွဲတိုင်းကို အနိုင်ရအောင်လည်း ကြိုးစားရမှာပါ”လို့ ပြောခဲ့ပါတယ်။အာဆင်နယ် အသင်းဟာ အူဘာမီယန်းကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် လာကာဇတ်တီ ဟာ အသင်းခေါင်းဆောင်အဖြစ် တာ၀န်ယူနေရတာပါ။

မာတင်နယ်လီ ဟာ လာကာဇတ်တီနဲ့ တွဲဖက်ကစားရတာနဲ့ ပတ်သက်ပြီး “သူဟာ ပြိုင်ဘက်အသင်းရဲ့ ဗဟိုနောက်ခံလူတွေကို အမြဲတမ်းဆွဲဆောင်နေပြီး သူ့နောက်ကနေ အခွင့်အရေးတွေရရှိခဲ့ပါတယ်။ကျွန်တော်တို့ ကောင်းမွန်စွာလုပ်ဆောင်နေပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။