ခင်ဗျားဘောလုံးမကစားခဲ့ဘူးမလားဆိုပြီး ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ကလောပ့်

လီဗာပူးလ် အသင်းနည်းပြ ကလောပ့် ဟာ စပါး အသင်းနဲ့ တဖက်(၂)ဂိုးစီ သရေကျတဲ့ ပွဲမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကို စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ပွဲအပြီးမှာ ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ဆုံသွားခဲ့ပါတယ်။

ကလောပ့် ဟာ နောက်ခံလူ ရော်ဘတ်ဆန် ကို စပါး တိုက်စစ်မှူး ဟာရီကိန်း ခြေစုံပစ်ဝင်ခဲ့တဲ့ အနေအထားကို အဝါကတ်ပဲပြသခဲ့တဲ့အတွက် အလွန်ဒေါသထွက်နေတာဖြစ်ပါတယ်။ဒါ့အပြင် ဂျိုတာ ကို ဧရိယာထဲမှာ စပါး နောက်ခံလူ အီမာဆင်ပြစ်ဒဏ်ကျုးလွန်ခဲ့တာကိုလည်း ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာပါ။

ပွဲပြီးခါနီးမှာ စပါး နောက်ခံလူ အီမာဆင် ကို ရောဘတ်ဆန် က အဖျက်ကြမ်းလို့ ဆိုပြီး ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာတွေကို ကလောပ့်က ဒေါသပေါက်ကွဲနေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကလောပ့် ဟာ ပွဲအပြီးမှာပဲ ကွင်းထဲကို သွားပြီး ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ကလောပ့် က “ခင်ဗျား ဘယ်တုန်းကမှ ဘောလုံးမကန်ခဲ့ဘူးမလား၊တခြားဒိုင်လူကြီးတွေနဲ့ ဘာပြသနာမှမရှိခဲ့ဘူး၊ခင်ဗျားနဲ့ပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကလောပ့်က “ဟာရီကိန်းကို အနီကတ်ပြရမယ်ဆိုတာ အသေအချာပါပဲ။ခင်ဗျား ရော်ဘတ်ဆန် ကို အနီကတ်ပြခဲ့တယ်။ဒါဟာ သူ့ဘဝမှာ အကြမ်းတမ်းဆုံးဖျက်ထုတ်မှုမဟုတ်ပါဘူး။ဒါပေမယ့် ဒါက သေချာပေါက်အနီကတ်ပါ”

“ဟာရီကိန်းကျတော့ ခင်ဗျားမဆုံးဖြတ်နိုင်ခဲ့ဘူး။ရော်ဘတ်ဆန် ရဲ့ခြေထောက်သာ အောက်မှာရောက်နေရင် အဲ့ဒါ ခြေထောက်ကျိုးသွားမှာပါ။ပြီး‌‌တော့ ဂျိုတာကို ဖျက်ထုတ်တာကို ပင်နယ်တီပေးရမှာ။ ဒါတွေကျတော့ VAR ဘာလို့ ပြန်မကြည့်တာလဲ”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ် အသင်းဟာ ဒီပွဲရလဒ်ကြောင့် ထိပ်ဆုံးက မန်စီးတီး အသင်းနဲ့ (၃)မှတ်ကွာဟသွားခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။