ငါက ဘာလို့ အနီကတ်ထိရမှာလဲလို့ ဝေဖန်နေတဲ့ ကလော့ပ်တို့အုပ်စုကို ဟာရီကိန်းမေးခွန်းထုတ်

စပါးတိုက်စစ်မှူး ဟာရီကိန်းက မနေ့ညက လီဗာပူးနဲ့ပွဲမှာ သူ အနီကတ်ထိသင့်တယ်လို့ ဝေဖန်မှုတွေအပေါ် ပွဲအပြီးမှာပဲ ချက်ချင်း တုံ့ပြန်သွားခဲ့ပါတယ်။

တဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ဒီပွဲက တော်တော်လေး ကြည့်ကောင်းခဲ့ပြီး ပထမပိုင်းမှာ ဟာရီကိန်းက ရော်ဘတ်ဆန်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာပါ။

ဒီဖြစ်ရပ်က အနီကတ်ထိသင့်တယ်လို့ ကလော့ပ်အပါအဝင် တော်တော်များများက ယူဆနေကြပါတယ်။ ဒုတိယပိုင်းမှာတော့ ရော်ဘတ်ဆန်က စပါး ညာနောက်ခံလူ အီမာဆင် ဖြတ်ကန်မိတာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အဲ့ဒါကြောင့်လည်း လီဗာပူးဘက်က ဝေဖန်မှုတွေ အမြင့်ဆုံးရောက်ရှိလာခဲ့ပြီး ဟာရီကိန်းကတော့ သူ အနီကတ်မထိသင့်ဘူးလို့ အခုလိုပဲ ငြင်းဆိုခဲ့တာပါ။

ဟာရီကိန်းက “မဟုတ်ပါဘူး။ ဒါ အနီကတ် လုံးဝ လုံးဝ မဟုတ်ပါဘူး။ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု ဖြစ်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ကျနော်က ဘောလုံးရဖို့ပဲ ရည်ရွယ်ခဲ့တာပါ”

“ကျနော် ဒီဖြစ်ရပ်ကိုလည်း ပြန်မကြည့်ရသေးပါဘူး။ ထိပ်တန်းအသင်းတွေနဲ့ အမှတ်ရဖို့ ရင်ဆိုင်တဲ့အခါမှာ တခါတလေ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေ ရှိနိုင်ပါတယ်။ ဒိုင်လူကြီးတွေက ပြန်စစ်ဆေးပြီး ပွဲကို ဆက်ကစားခိုင်းတာပဲလေ”

“ရော်ဘတ်ဆန်ကတော့ ကျနော် သူ့ခြေထောက်ကို ထိခဲ့တယ်လို့ ပြောပါတယ်။ အနှေးပြကွက်နဲ့ ပြန်ကြည့်တဲ့အခါ တချို့ဖြစ်ရပ်တွေက ပုံမှန်ထက် ပိုဆိုးလေ့ရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲမှာ ဟာရီကိန်းနဲ့ဆွန်ဟောင်မင်တို့က စပါးအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး လီဗာပူးအတွက် ဂိုးတွေကိုတော့ ဂျိုတာ၊ ရော်ဘတ်ဆန်တို့က သွင်းယူသွားခဲ့ပါတယ်။