သူများအသင်းတွေ ကိုဗစ်ဖြစ်ရင် ပွဲရွှေ့ပေးတယ်၊ ချဲလ်ဆီးကျ မရွှေ့ပေးလို့ တူဟယ်လ်ဒေါပွနေ

ချဲလ်ဆီးဟာ မနေ့ညက ဝုလ်ဗ်နဲ့ ကစားခဲ့တဲ့ပွဲမတိုင်ခင် ကိုဗစ်ကူးစက်မှုတွေ ထပ်မံမြင့်တက်လာခဲ့တာကြောင့် ပွဲကို ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ်ကို တောင်းဆိုခဲ့ပေမယ့် ပုံမှန်အတိုင်းသာ ကစားခဲ့ရပါတယ်။

အဲ့ဒီပွဲအတွက် ချဲလ်ဆီးက အရံကစားသမားစာရင်းမှာ (၆) ယောက်သာ စာရင်းတင်နိုင်ခဲ့ပြီး ဂိုးသမား (၂) ယောက်အထိ အရံခုံမှာ ထားခဲ့ရတာပါ။

ဒါ့အပြင် နောက်ခံလူ ချာလိုဘာ့ဂ်ကလည်း ကွင်းလယ်မှာ ကန်တေနဲ့ တွဲဆော့ခဲ့ရပြီး ချဲလ်ဆီးတို့ ရုန်းကန်ခဲ့ရကာ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဲ့ဒါကြောင့်လည်း တူဟယ်လ်က “ဆေးပညာဆိုင်ရာ ရှုထောင့်အရ ကြည့်ရင် ကျနော် စိုးရိမ်ပါတယ်။ (၄) ရက်ဆက်တိုက် ကျနော်တို့ အသင်းမှာ ကိုဗစ်တွေ့ခဲ့တာပါ။ ဘတ်စ်ကားအတူတူစီး၊ အတူတူ အစည်းအဝေးလုပ်ရင်းနဲ့ ဒီကွင်းဆက်ကို ဘယ်လိုဖြတ်နိုင်မှာလဲ”

“ကျနော်တို့ စိတ်ပျက်မိသလို အတော်လေးလည်း ဒေါသထွက်မိပါတယ်။ ကျနော်တို့ပွဲမကန်ဖို့၊ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါကို နားလည်ရခက်ပါတယ်”

“ကျနော်တို့ ကစားသမားတွေရဲ့ ကျန်းမာရေးကို အရမ်းစိုးရိမ်မိပြီး ဒဏ်ရာကပြန်လာတဲ့ ကစားသမားတွေကို ချက်ချင်းအသုံးပြုရင်း စွန့်စားခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်အသင်း (၂၀) ဟာ ဒီနေ့မှာတော့ ကိုဗစ်ပြဿနာကြောင့် ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ရပ်နားထားဖို့ ဆွေးနွေးသွားဖို့ရှိပြီး ရပ်နားဖြစ်ခဲ့ရင်တော့ လာမယ့်နှစ် ဇန်နဝါရီမှသာ ပွဲစဥ်တွေကို ပြန်လည် ကစားနိုင်မှာဖြစ်ပါတယ်။