အသင်းကြီးတွေမသုံးတဲ့ အချိုအချောင်ကစားသမားလေးတွေ လိုက်ရှာနေရရှာတဲ့ ဘာကာရဲ့ဘဝ

ဘာစီလိုနာဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့အတွက် ယူနိုက်တက် ကွင်းလယ်လူ မာတာကိုပါ ပစ်မှတ်ထားလာခဲ့ပြီလို့ သိရပါတယ်။

မာတာဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ မရှိတော့ပါဘူး။

ဒီရာသီမှာ မာတာက (၃) ပွဲသာ ကစားခွင့်ရရှိထားပြီး အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေပါပြီ။ အဲ့ဒါကြောင့်လည်း ဘာစီလိုနာက (၆) လစောပြီး မာတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာပါ။

ယူနိုက်တက်ကသာ မာတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရင်တော့ ဘာစီလိုနာအနေနဲ့ မာတာအတွက် ပြောင်းရွှေ့ကြေးရော၊ လုပ်ခလစာကိုပါ ပေးချေဖို့ မတတ်နိုင်ပါဘူး။ မာတာဟာ တပတ်လုပ်ခ ပေါင် (၁) သိန်း (၃) သောင်းရရှိနေတဲ့ ကစားသမားပါ။

ဘာစီလိုနာဟာ မာတာ ယူနိုက်တက်ကို မရောက်ခင် (၂၀၁၄) တည်းက ခေါ်ယူလိုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ မာတာရဲ့ အသက်က (၃၃) နှစ်ရှိနေပြီဖြစ်သည့်တိုင် ကစားသမားရဲ့ အတွေ့အကြုံနဲ့ အသင်းက လူငယ်ကစားသမားတွေကို တွဲခေါ်နိုင်ဖို့ မျှော်လင့်ထားတာပါ။

မာတာဘက်ကတော့ ဘာစီလိုနာကို ရောက်ခဲ့သည့်တိုင် လက်ရှိရရှိနေတဲ့ တပတ်လုပ်ခကို လျှော့ယူဖွယ်မရှိဘဲ ဘာစီလိုနာအနေနဲ့ အသင်းမှာရှိပြီးသား လစာမြင့် ကစားသမားအချို့ကို လက်လွှတ်ခံရဖွယ်ရှိနေပါတယ်။

ဒါ့အပြင် ဘာစီလိုနာဟာ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီကိုလည်း ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီလို့ သတင်းတွေက ဖော်ပြထားပါတယ်။