ဒေါ့မွန်ပရိသတ်တွေကို ဟာလန်းနှုတ်ဆက်တဲ့ပုံစံက ထူးဆန်းနေတယ်လို့ သတင်းတွေ ဖော်ပြ

ဟာလန်းတယောက် ဒေါ့မွန်ရဲ့ (၂၀၂၁) အိမ်ကွင်း နောက်ဆုံးပွဲအပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ပုံက ထူးဆန်းလွန်းတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ကလည်း ဒီပုံရိပ်က ထူးဆန်းလွန်းလို့ ဟာလန်းနဲ့ စကားပြောဖြစ်ခဲ့တယ်လို့ မီဒီယာတွေကို လူသိရှင်ကြား ပြောကြားခဲ့သေးတာပါ။

ဂရေသာဖက်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပြီးခဲ့တဲ့ ကြားရက်ပွဲစဥ်အပြီးမှာ ဟာလန်းတယောက် ဒေါ့မွန် ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့တာဖြစ်ပြီး မီဒီယာတွေကတော့ ဟာလန်းတယောက် ဒေါ့မွန်က ထွက်ခွာတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီအပေါ်မှာ မိုက်ကယ်ဇော့ကလည်း “ကျနော် ဟာလန်း လက်ပြနှုတ်ဆက်နေတဲ့ပုံတွေကို မြင်ပါတယ်။ ဒါက တော်တော်လေးကို ထူးဆန်းပါတယ်။ ဒါပေမယ့် ဟာလန်း တမင်တကာ လုပ်ပြခဲ့တယ်လို့ ကျနော် မထင်ပါဘူး”

“ကျနော် သူနဲ့လည်း စကားအနည်းအကျဥ်းပြောခဲ့ပြီး အသင်းအတွက်လည်း ဒါက ဘာမှပြဿနာမရှိပါဘူး။ ဒီဓာတ်ပုံတွေက ဘာလဲလို့ ကျနော်မေးတော့ သူက ဘာမှမဟုတ်ပါဘူးလို့ပဲ ပြောပါတယ်”

“အဲ့ဒါနဲ့ပဲ ပြီးသွားတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဘွန်ဒက်စ်လီဂါပွဲစဥ်တွေက ဆောင်းခိုသွားခဲ့ပြီဖြစ်ပြီး လာမယ့် ဇန်နဝါရီမှသာ ပြန်လည် ကစားကြတော့မှာဖြစ်ပါတယ်။

ဒေါ့မွန်ဟာ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲမှာတော့ ဟာသာဘာလင်ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ပြီး (၂၀၂၁) ကို အရှုံးနဲ့ ပိတ်သိမ်းခဲ့ရပါတယ်။