ရော်နယ်ဒို ရဲ့ စီးရီးအေဂိုးသွင်းစံချိန်ကို အမှီလိုက်နိုင်ခဲ့တဲ့ ဗလာဟိုဗစ်

ဗလာဟိုဗစ် ဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာ ဂိုးအများအပြားသွင်းယူပြီး ခြေစွမ်းပြသနေတာကြောင့် သူ့ကို ခေါ်ယူဖို့ အသင်းအများအပြားက စိတ်၀င်စားနေတာဖြစ်ပါတယ်။ဆားဘီးယား ကစားသမား စီးရီးအေ ပြိုင်ပွဲမှာ (၁၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဗလာဟိုဗစ် ဟာ ပုံမှန်ဂိုးသွင်းမှုတွေကြောင့် ဒီရာသီ စီးရီးအေပြိုင်ပွဲရဲ့ ထိပ်တန်းဂိုးသွင်းရှင် အဖြစ်ရပ်တည်နေ တာပါ။ဗလာဟိုဗစ် ဟာ ဆက်ဆူအိုလိုနဲ့ တဖက်(၂)ဂိုးစီ သရေကျခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဖီအိုရင်တီးနား အတွက် (၁)ဂိုးသွင်းယူခဲ့ပြီး ရော်နယ်ဒိုရဲ့ စီးရီးအေ စံချိန်တခုနဲ့ တူညီသွားခဲ့တာပါ။

ဗလာဟိုဗစ် ဟာ ပြက္ခဒိန်တနှစ်အတွင်း စီးရီးအေသွင်းဂိုး (၃၃)ဂိုးသွင်းယူထားတာဖြစ်ပြီး (၁၉၆၀) နောက်ပိုင်း စီးရီးအေ ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။အဲ့ဒါကြောင့် ဗလာဟိုဗစ် ဟာ ရော်နယ်ဒို ရဲ့ စံချိန်ကို အမှီလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဂျုဗင်တပ်စ်မှာ ကစားနေတဲ့ အချိန်အတွင်း ဒီလိုအောင်မြင်မှုမှတ်တမ်းကို ရယူနိုင်ခဲ့တာပါ။ဒီလို စံချိန်ကို မကြာခင် စီးရီးအေမှာ စိန်ခေါ်လာလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဗလာဟိုဗစ် ဟာ ဒီစံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်တဲ့ အခွင့်အရေးတရပ်ကိုလည်း ပိုင်ဆိုင်ထားတာပါ။ ဆားဘီးယား ကစားသမားဟာ ဆောင်းရာသီအားလပ်ရက် မတိုင်ခင် ဗီရိုနာ နဲ့ ကစားမယ့် ပွဲမှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် စံချိန်သစ်တင်နိုင်မှာလည်းဖြစ်ပါတယ်။

ဗလာဟိုဗစ် ကတော့ ဖီအိုရင်တီးနား အသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာ မဟုတ်တာကြောင့် ကလပ်အသင်းက ဒီရာသီအကုန်မှာ သူ့ကို ရောင်းချရဖွယ်ရှိနေတာဖြစ်ပါတယ်။ဗလာဟိုဗစ် နဲ့ အီတလီကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)မှာ ကုန်ဆုံးမှာပါ။

ဖီအိုရင်တီးနား အသင်း ဥက္ကဌ ကတော့ သူတို့တိုက်စစ်မှုးအတွက် ယူရိုသန်း(၇၀)၀န်းကျင် ပြောင်းရွှေ့ကြေး သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ဗလာဟိုဗစ် ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းအပါအ၀င် အသင်းကြီး အချို့က စ်ိတ်၀င်စားနေတာဖြစ်ပါတယ်။