အကယ်ဒမီ က ကစားသမားတွေကို အသင်းကြီးနဲ့ လေ့ကျင့်ဖို့ ခေါ်ယူထားရတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီး အသင်းဟာ ဘရန်ဖိုဒ့် နဲ့ ကစားရမယ့် ကာရာဘောင်းဖလား မတိုင်ခင်မှာ အကယ်ဒမီ က ကစားသမားအနည်းဆုံး(၈)ဦး ဟာ အသင်းကြီးနဲ့ အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ချယ်လ်ဆီး အသင်းက ကစားသမားအများအပြား ဟာ ကိုဗစ်ကူးစက်မှုတွေဖြစ်နေတာကြောင့် ဝုလ်ဗ်စ် နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ဝာာကြောင့် ကစားခဲ့ရတာဖြစ်ပါတယ်။

နည်းပြ တူချယ်လ် က အသင်းက ကစားသမား (၇)ဦးဟာ ကိုဗစ်ကူးစက်နေတာကြောင့် ဒီပွဲကို မပါဝင်နိုင်တဲ့ အတွက် ဝုလ်ဗ်စ် နဲ့ ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာကို ပရီးမီးယားလိဂ်က ပယ်ချခဲ့တဲ့ အတွက် ကစားခဲ့ရပြီး ဂိုးမရှိသရေကျခဲ့တာပါ။

ချယ်လ်ဆီး အသင်းဟာ ကြားရက်မှာလည်း ဘရန်ဖိုဒ့် အသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ် ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် အကယ်ဒမီ ကစားသမားတွေဖြစ်တဲ့ ဗာလီ၊ဘရွတ်ကင်း အပါအဝင် ကစားသမား(၈)ဦး အထိ အသင်းကြီးနဲ့ လေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ် နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မပါဝင်နိုင်ခဲ့တဲ့ ဂျော်ဂျင်ဟို ဟာ ဒီလေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ဘာကလေ၊ဆားနဲ့ ကီပါ တို့လည်း ဒီလေ့ကျင့်ရေးမှာ ပါဝင်ခဲ့တာပါ။

ဝုလ်ဗ်စ် နဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာ တူချယ်လ် က “လုံခြုံမှုမရှိပါဘူး။ကစားသမားတွေကို အကာအကွယ်ပေးဖို့နဲ့ လုံခြုံတဲ့ ပတ်ဝန်းကျင်အကြောင်းပြောနေပေမယ့် ဒါက မလုံခြုံပါဘူး။နောက်ထပ်စမ်းသပ်တဲ့ အချိန် ကျွန်တော်တို့မှာ ကူးစက်မှုရှိတဲ့ သူတွေထပ်ပေါ်လာရင်လည်း အံဩနေမှာမဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်မှာ သရေကျခဲ့တာကြောင့် ထိပ်ဆုံးက မန်စီးတီး အသင်းနဲ့ (၆)မှတ်ကွာဟပြီး အဆင့်(၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။