ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် ရော်နယ်ဒိုရဲ့ အမွန်မြတ်ဆုံးလုပ်ရပ်တခုအကြောင်း

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ လက်မှတ်ထိုးထားတဲ့ ကျောနံပါတ် (၇) နဲ့ သူ့နာမည်ပါ ဂျာစီကို လေလံတင်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

ဒီလို လေလံတင်ရတဲ့အကြောင်းရင်းကတော့ လာပါးလ်မားဒေသမှာ မီးတောင်ပေါက်ကွဲမှုကြောင့် ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီပေးဖို့အတွက်ပါ။

စပိန်နိုင်ငံက ကျွန်းမြို့လေးတမြို့ဖြစ်တဲ့ ဒီမြို့မှာ မီးတောင်ပေါက်ကွဲမှုကြောင့် အနီးအနားနေ ပြည်သူတွေက သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်။

ထောင်နဲ့ချီတဲ့နေအိမ်တွေကလည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး ရော်နယ်ဒိုကတော့ သူတို့ကို ကူညီဖို့ သူ့ရဲ့ လက်ရွေးစင် ဂျာစီကို အခုလိုပဲ လေလံတင်ရောင်းချဖို့ ပြင်ဆင်နေတာပါ။

ပရိသတ်တွေအနေနဲ့ ဒီဂျာစီကို ဒီဇင်ဘာ (၂၄) ကစလို့ လေလံဆွဲဝယ်ယူနိုင်မှာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးအားလုံးကို လာပါးလ်မားဒေသက ပြည်သူတွေအတွက် လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အဲ့ဒီဂျာစီအပေါ်မှာလည်း “လှပတဲ့ ကျွန်းလေးတကျွန်းအတွက် ကျနော် ပံ့ပိုးနိုင်တာ အားလုံး ပံ့ပိုးပါမယ်” လို့ ရေးသားထားပါသေးတယ်။

လက်ရှိ လေလံတင်ရောင်းချတဲ့ ဂျာစီက ရော်နယ်ဒို ဝတ်ဆင်ဖူးတဲ့ ဂျာစီ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ဘယ်သူမှ အတည်မပြုနိုင်သေးပါဘူး။

ရော်နယ်ဒို တယောက် ပေါ်တူဂီလက်ရွေးစင်ဂျာစီကို နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ပွဲက ပြီးခဲ့တဲ့နိုဝင်ဘာအတွင်း ဆာဘီးယားကို ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဥ်ဖြစ်ခဲ့ပါတယ်။