ရီးရဲယ်နဲ့သာ (၁၆) မှတ်ပြတ်နေတာ၊ လေကတော့ နည်းနည်းမှမလျှော့သေးတဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက လက်ရှိအချိန်မှာ အမှတ်ကွာဟချက် များပြားနေပေမယ့် ရီးရဲယ်မက်ဒရစ်ကို အမှီလိုက်နိုင်ဖို့ ယုံကြည်တယ်လို့ ပြောကြားလာပါတယ်။

ဘာစီလိုနာဟာ ရော်နယ်ကိုးမန်းလက်ထက်က အခြေအနေဆိုးတွေကို အခု ဇာဗီလက်ထက်အထိ မပြောင်းလဲနိုင်သေးဘဲ အသင်းက ရုန်းကန်နေရဆဲပါ။

ထိပ်ဆုံးက ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့အကြား ရမှတ်ကွာခြားချက်က (၁၆) မှတ်ရှိနေပြီး ဒါက တော်တော်လေးများပြားနေတဲ့ ပမာဏဆိုပေမယ့် ဇာဗီကတော့ အခုလိုပဲ ပြောကြားလာပါတယ်။

ဇာဗီက “ကျနော်တို့က ရီးရဲယ်မက်ဒရစ်နဲ့ (၁၆) မှတ်ကွာဟနေပါတယ်။ ဒါက ဆိုးရွားတဲ့ ခြားနားချက်တခုပါပဲ။ ဒါပေမယ့် လိဂ်ပွဲတွေ ကစားဖို့ အများကြီး ကျန်သေးပြီး ကျနော်တို့ကတော့ ဘယ်အရာကိုမှ လက်မလျှော့ပါဘူး”

“အရေးကြီးတာက ရလဒ်ကောင်းလာဖို့၊ ဘယ်လို ယှဥ်ပြိုင်ရမလဲ သိဖို့နဲ့ ကောင်းကောင်းခုခံနိုင်ဖို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ မနက်ဖြန်မှာတော့ ဆီဗီလာနဲ့ ပွဲကျပ်တပွဲကို လာလီဂါမှာ ထပ်မံရင်ဆိုင်ရဦးမှာပါ။

ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာလည်း အုပ်စုအဆင့်က ထွက်လိုက်ရပြီး ယူရိုပါလိဂ်ကို ရောက်ရှိသွားခဲ့ရတဲ့ အသင်းတသင်းဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ အသင်းငယ်လေး အယ်လ်ချီနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း ဘာစီလိုနာတို့ နှစ်ဂိုးသွင်းပြီး နှစ်ဂိုးပြန်ပေးရတာကြောင့် ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီး အနိုင်ဂိုးကြောင့်သာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။