မက်ဆီနေရာဆက်ခံမယ်ဆိုပေမယ့် အခုထိ ဘောကန်ဖိနပ် ကြိုးမချည်တတ်သေးတဲ့ ကစားသမား

ဘာစီလိုနာရဲ့ တက်သစ်စ ကွင်းလယ် ကစားသမားလေး ဂါဗီဟာ ပွဲကန်တဲ့အချိန်မှာ ဖိနပ်ကြိုးပြေလျက်သားနဲ့ ကစားနေတဲ့အကြောင်းရင်းကို စပိန်ဂျာနယ်လစ်တယောက်က ဖော်ထုတ်လာပါတယ်။

အသက် (၁၇) နှစ်အရွယ်သာရှိသေးတဲ့ ဒီကစားသမားလေးဟာ ဘာစီလိုနာအတွက် အားကိုးရတဲ့ ကစားသမားတယောက်ဖြစ်လာခဲ့ပေမယ့် ပွဲကန်တဲ့အချိန်တိုင်း သူ့ရဲ့ ဖိနပ်ကြိုးပြေနေတာကို ပရိသတ်တွေ အကုန်လုံး သတိထားနေမိတာပါ။

ဒါဟာ ဂါဗီတယောက် စတန့်ထွင်ပြီး ကြိုးမချည်တာမဟုတ်ဘဲ အမှန်တကယ် ကြိုးမချည်တတ်လို့ဖြစ်တယ်လို့ စပိန်သတင်းထောက်တယောက်က အခုလိုပြောပါတယ်။ လာဆန်ရီယာလို့ အမည်ရတဲ့ ဒီသတင်းထောက်က “ဂါဗီက ငယ်ငယ်တည်းက ဖိနပ်ကို ကြိုးမချည်ဘဲ ကစားတာပါ”

“ဘာလို့လဲဆိုတော့ သူ အဲ့ဒီဖိနပ်ကြိုးတွေကို ဘယ်လိုချည်ရမလဲဆိုတာ မသိလို့ပါ။ ဒါပေမယ့် သူ အဲ့ဒါတွေကို ဂရုမစိုက်နိုင်ပါဘူး။ သူကတော့ ဒီပုံစံအတိုင်းပဲ ကစားပါတယ်” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဂါဗီရဲ့ ဖိနပ်ကြိုးကို အသင်းဖော်က ချည်ပေးရတဲ့ ဓာတ်ပုံတွေလည်း ပျံ့နှံခဲ့ဖူးပြီး ဂါဗီတယောက် ဖိနပ်ကြိုးမချည်တတ်တာ အမှန်တကယ်လို့တော့ ယူဆရမှာပါ။

ဂါဗီဟာ နောက်ဆုံးကစားခဲ့တဲ့ အယ်လ်ချီနဲ့ပွဲမှာ အသင်းအတွက် ဒုတိယဂိုးကို လှလှပပ လှုပ်ရှား သွင်းယူပေးခဲ့ပြီး သူ့ကို ဘာစီလိုနာရဲ့ အနာဂတ်လို့တောင် ပရိသတ်တွေက တင်စားထားကြတာဖြစ်ပါတယ်။