ဂွာဒီယိုလာရဲ့ သတိပေးတာကို ခံလိုက်ရတဲ့ ဖိုဒန်နဲ့ ဂရီလစ်ရှ်

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ ဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဖိုဒန်နဲ့ ဂရီလစ်ရ်ှတို့ကို သူတို့ရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး သတိပေးလိုက်ပါတယ်။သူတို့(၂)ဦးဟာ နယူးကာဆယ် အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပွဲထွက်လူစာရင်းကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။

ဖိုဒန်နဲ့ ဂရီလစ်ရှ် တို့ဟာ လိဒ်စ် ကို (၇)ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နယူးကာဆယ် နဲ့ ပွဲမှာတော့ အရန်ခုံပေါ်မှာသာ ထိုင်ခဲ့ရတာပါ။သူတို့(၂)ဦးဟာ လိဒ်စ် ကို အနိုင်ရအပြီးမှာ နိုက်ကလပ်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒီိလိုအခြေအနေတွေကြောင့် အင်္ဂလန်ကစားသမား(၂)ဦးဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။ နယူးကာဆယ် ကို အနိုင်ရတဲ့ ပွဲအပြီးမှာ ဂွာဒီယိုလာ က “ဒါဟာ ပွဲထွက်လူစာရင်းကို အလှည့်ကျအသုံးပြုတာ မဟုတ်ပါဘူး။လုံး၀မဟုတ်ပါဘူး။ဒီနေ့ ကစားဖို့ထိုက်တန်တဲ့သူတွေကိုပဲ ကျွန်တော်ရွေးချယ်ခဲ့တာပါ”

“ဖိုဒန်နဲ့ ဂရီလစ်ရ်ှတို့ကတော့ ဒီထဲမှာ မပါ၀င်ပါဘူး။ခရစ္စမတ်အချိန် ကွင်းတွင်းရော ကွင်းပြင်ပက အပြုအမူတွေကိုပါ အလွန်အာရုံစိုက်ပါတယ်။ကွင်းပြင်ပမှာ အဆင်မပြေရင် သူတို့ ကစားနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် အချိန်တိုင်းအာရုံစိုက်နေရပါမယ်”

“ခရစ္စမတ်အချိန်နဲ့ အချိန်တိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် အာရုံစိုက်နေရပါမယ်။ကစားသမားတွေ အနေနဲ့ အလှည့်ကျပွဲထွက်ခိုင်းတယ်လို့ထင်ရင်မှားသွားနိုင်ပါတယ်။ဒီနေ့ အကောင်းဆုံးအသင်းက်ို ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ”

“ကျွန်တော်တို့ လက်စတာနဲ့ ဘောက်ဆင်ဒေးကစားရမလားဆိုတာ မသိသေးပါဘူး။သူတို့မှာ ကိုဗစ်ဖြစ်ပွားမှုတွေ အများကြီးရှိနေပါသေးတယ်။ပိုကောင်းလာမယ်လို့တော့ မျှော်လင့်ထားပါတယ်။ကျွန်တော် ဟာ ကွင်းထဲမှာရော ကွင်းပြင်ပမှာမြင်ရတာတွေ၊ကစားသမားတွေ ဘယ်လိ်ုပြုမူနေထိုင်ကြလဲဆိုတဲ့ အပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချတာပါ”လို့ ပြောခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နေပြီး ဒုတိယနေရာက လီဗာပူးလ်အသင်းကို (၃)မှတ်ဖြတ်ကာ အမှတ်ပေးဖယားကို ဦးဆောင်နေတာလည်းဖြစ်ပါတယ်။