ဆန်းဒါးလန်းကို ဂိုးပြတ်အနိုင်ရပြီး ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲတက်တဲ့ အာကြီး

အာဆင်နယ် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်မှာ ဆန်းဒါးလန်း အသင်းကို (၅)ဂိုး-(၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး အကြိုဗိုလ်လုပွဲ တက်ရောက်သွားပြီဖြစ်ပါတယ်။

အာဆင်နယ် အတွက် ဂိုးတွေကို အန်ကိတ်တီယာ က (၃)ဂိုး၊ပီပီနဲ့ ပါတီနို တို့က (၁)ဂိုးစီ သွင်းယူခဲ့တာပါ။ဆန်းဒါးလန်း အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ဘရောဒ့်ဟတ် က သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီပွဲမှာ လီနို၊ဟိုးလ်ဒင်း၊ဆီဒရစ်၊အယ်လ်နီနီ၊ဘာလိုဂန်၊အန်ကိတ်တီယာ၊ပီပီ တို့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။အန်ကိတ်တီယာ ကတော့ အာဆင်နယ် ကစားသမားဘဝ ပထမဆုံး ဟတ်ထရစ်ဂိုးကို ဒီပွဲမှာ ရယူသွားခဲ့တာပါ။

ဒီပွဲမှာမှ အာဆင်နယ် အတွက် ပထမဆုံးပွဲဦး ထွက်အဖြစ် ပွဲချိန်(၇၉)မိနစ်မှ လူစားဝင်ခဲ့တဲ့ (၁၈)နှစ်အရွယ်ရှိ ပါတီနို ကလည်း မိနစ်(၉၀)ပြည့်ပြီး နာကျင်အချိန်ပို(၁)မိနစ်မှာ အသင်း အတွက် ဂိုးသွင်းယူခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲရခဲ့တာဖြစ်ပြီး (၂၀၁၇-၁၈) နောက်ပိုင်း ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ အခုနောက်ပိုင်း ပွဲတွေမှာ သူတို့ရဲ့အကောင်းဆုံး ပုံစံတွေကို ရရှိနေတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့် (၄)နေရာမှာ ရပ်တည်နေတာပါ။

အာဆင်နယ် အသင်းဟာ အခုလ(၂၆)ရက်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နောဝစ်ခ်ျ၊ (၂၈)ရက်မှာ ဝုလ်ဗ်စ် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။